တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင်  လမ်းအပြည့်ပိတ်ထားသည့် အရံအတားကို ကားဝင်တိုက်၍ လူနေအိမ်ဆိုင်ခန်းသို့ ထိမှန်ကာ တံခါးပျက်ဆီးပြီး မှန်ကွဲ

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင်  လမ်းအပြည့်ပိတ်ထားသည့် အရံအတားကို ကားဝင်တိုက်၍ လူနေအိမ်ဆိုင်ခန်းသို့ ထိမှန်ကာ တံခါးပျက်ဆီးပြီး မှန်ကွဲ
မတ် 12, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် လမ်းတစ်ခုလုံးကို ပိတ်ထားသော အချက်ပြမီးမပါသည့် အရံအတားကြောင့် အနီးရှိ လူနေအိမ်ဆိုင်ခန်း တံခါးပျက်ဆီးကာ မှန်များကွဲသည်အထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် ၂၀၂၁ခုနှစ် မတ်လ(၁၁)ရက်နေ့ ည(၁၁)နာရီဝန်းကျင်က စ၍ ပိတ်ထားရာ မနက်(၃း၅၀)နာရီ အချိန်တွင် ကားတစ်စီးမှ အရှိန်ပြင်းစွာ ဝင်တိုက်မှုကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ရှိ  လူနေအိမ်လည်းဖြစ်သလို ဆိုင်ခန်းလည်းဖြစ်သည့် အိမ်သို့ အရံအတားမှာ လွှင့်စင်လာပြီး တံခါးများ ပျက်ဆီးကာ မှန်များကွဲသွားကြောင်း သိရသည်။

ထိုသို့ ဖြစ်ပေါ်မှုကို ရဲတပ်ဖွဲ့က အရံအတားလာယူချိန်တွင်လည်း တစ်ခွန်းတစ်လေမှ မေးမြန်းခြင်းလည်း မရှိကြောင်း မသိသလိုသာနေကြောင်း သိရသည်။

"ဟိုးအရင် လွန်ခဲ့နှစ် အနှစ်(၂၀)လောက်ကတည်းက ဒီရှေ့မှာ လမ်းပိတ်တယ်ဆိုလည်း လမ်းတစ်ခြမ်းစီကိုပဲ ပိတ်တာ။ ပိတ်တဲ့အချိန်ဆိုလည်း ညပိုင်း ကားတွေ ဆိုင်ကယ်တွေ မြင်သာအောင် အချက်ပြမီးတွေ တပ်ထားကြတယ်။ အခုဟာက အချက်ပြမီးလည်း တစ်ခုမှမပါသလို လမ်းအပြည့် ပိတ်ထားတာ၊ မနေ့ညက ကျွန်တော်ထင်တယ် အခုလိုဖြစ်နိုင်တယ်ဆိုတာ။ အခုက KTV တွေလည်း ဖွင့်ထားကြပြီဆိုတော့  ညပိုင်း KTV က ပြန်လာတဲ့လူ တော်တော်များများက မူးပြီး အမြန်မောင်းကြတာများတယ်။"ဟု တာချီလိတ်ဒေသခံ တစ်ဦးက ပြောသည်။

 ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအား ယခုလို ညပိုင်း ပိတ်ထားသည်မှာ (၂)ရက်ရှိပြီဖြစ်ကြောင်း သိရသည်။