တာချီလိတ်မြို့တွင် မူးယစ်အမှုဖြင့် သိမ်းဆည်းထားသည့် အိမ်ခြံမြေ (၂၀)ကျော်ထဲက (၄)နေရာကို  တင်ဒါစနစ်ဖြင့် ရောင်းချရန် စီစဉ်

တာချီလိတ်မြို့တွင် မူးယစ်အမှုဖြင့် သိမ်းဆည်းထားသည့် အိမ်ခြံမြေ (၂၀)ကျော်ထဲက (၄)နေရာကို  တင်ဒါစနစ်ဖြင့် ရောင်းချရန် စီစဉ်
သြဂုတ် 21, 2022 | ရှမ်းရှေ့

နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားသည့် အိမ်ခြံမြေများကို အာဏာသိမ်းစစ်ကောင်စီက ဒုတိယအကြိမ်အဖြစ် တင်ဒါစနစ်ဖြင့် ရောင်းချနေရာ   တိုင်းနှင့်ပြည်နယ်များမှ အိမ်ခြံမြေ (၂၇)နေရာအနက် မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှ အိမ်ခြံမြေ(၄)နေရာ  ပါဝင်နေကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီက ပထမဆုံးအဖြစ် နိုင်ငံပိုင်သိမ်းထားသည့် မြေနှင့်အဆောက်အဦနှင့်မြေကွက် (၂၃) နေရာကို  ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က  အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရန် ၂၀၂၁ခုနှစ် ဇူလိုင်လအတွင်းက စတင်လာပြီး ယခုအခါမှာ ဒုတိယအကြိမ်ဖြစ်သည်။

 ယခု ဒုတိယအကြိမ်တွင် တာချီလိတ်မြို့မှ မူးယစ်အမှုဖြင့် သိမ်းဆည်းထားသည့် အိမ်ခြံမြေ(၂၀)ကျော်ထဲက (၄)နေရာကို တင်ဒါစာရင်းတွင် ထည့်သွင်းထားခြင်းဖြစ်ရာ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် (၅)လမ်းထောင့်မှ နေအိမ်အပါအဝင် ဝိန်းကျောက်ရပ်ကွက်အတွင်းမှ မြေနှင့်အဆောက်အဦး (၃)နေရာ ပါဝင်ခြင်းဖြစ်သည်။

ပထမအကြိမ်တုန်းက တင်ဒါစနစ်ဖြင့် ရောင်းချရာတွင် တာချီလိတ်မြို့မှ မူးယစ်အမှုဖြင့် သိမ်းဆည်းထားသည့် အိမ်ခြံမြေ(၂၀)ကျော်ထဲက (၇)နေရာကို ပါဝင်ပြီး (၃)နေရာဝန်းကျင် ရောင်းထွက်သွားခဲ့သည်ဟုလည်း ကြားသိရသည်။

"ပထမအကြိမ် တင်ဒါတုန်းက ဆန်ဆိုင်း(ခ)ရပ်ကွက်ထဲက (၂)အိမ်နဲ့ တခြားရပ်ကွက်က တစ်အိမ်လို့ကြားတယ်။ နောက်ပြီး အဲ့နေရာတွေ ရောင်းထွက်သွားတော့ နားလည်မှုနဲ့ နေထိုင်နေတဲ့သူတွေ ဖယ်ပေးလိုက်ရတယ်လို့လည်း ကြားတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။



ယခု ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါ ရောင်းချရန်အတွက် နောက်ဆုံးရက်ကို ၂၀၂၂ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့အထိ သတ်မှတ်ထားသည်ဟုလည်း သိရသည်။



ဒုတိယအကြိမ် တင်ဒါအဖြစ် ရောင်းချမည့် နေအိမ်များတွင် ပဲခူး၊ ရန်ကုန်၊ မန္တလေး နှင့် ဧရာဝတီတိုင်းဒေသကြီးအပြင် ရှမ်းပြည်နယ်အတွင်းက  စုစုပေါင်း အိမ်ခြံမြေ(၂၇)နေရာ ပါဝင်သည်။