တာချီလိတ်မြို့ ဟုတ်တက်မင်္ဂလာခန်းမတွင် (၁၁)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ (၂၆)၌ ကျင်းပမည်ဖြစ်၍ မည်သူမဆို လာရောက် ဆင်နွှဲနိုင်

တာချီလိတ်မြို့ ဟုတ်တက်မင်္ဂလာခန်းမတွင် (၁၁)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ (၂၆)၌ ကျင်းပမည်ဖြစ်၍ မည်သူမဆို လာရောက် ဆင်နွှဲနိုင်
ဒီဇင်ဘာ 19, 2019
By Tachileik News Agency
တာချီလိတ်မြို့ ဟုတ်တက်မင်္ဂလာခန်းမတွင် (၁၁)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ (၂၆)၌ ကျင်းပမည်ဖြစ်၍ မည်သူမဆို လာရောက် ဆင်နွှဲနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် (၁၁)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၂၆) ရက်နေ့တွင် မကာဟိုခမ်းရပ်ကွက်အတွင်းရှိ ဟုတ်တက်ခန်းမ၌ ကျင်းပမည်ဖြစ်၍ ဒေသအသီးသီးမှ ကရင်တိုင်းရင်းသားများ တက်ရောက်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့က တာချီလိတ်အတွင်းမှာ နေထိုင်တဲ့သူတွေလောက်ပဲ ဖိတ်စာပို့ ဖိတ်ကြားနိုင်တယ်။ တစ်ချို့တလေ ယိုးဒယားဘက်မှာ အလုပ်သွားလုပ်နေတဲ့ သူတွေရှိတယ်။ တာလေကလည်း တစ်ချို့လာတယ်။ မနှစ်ကတော့ ခန့်မှန်း (၁၀၀၀) ကျော်လောက်တက်တယ်။ မိသားစုဝင်တွေပါတက်ကြတာ။ ဒီနှစ် ဧည့်သည်တွေ (၁၂၀၀) နဲ့ (၁၅၀၀) လောက်လာနိုင်တယ်လို့ မှန်းထားတယ်"ဟု ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဌ ဦးမန်းမြစောက တာချီလိတ်သတင်းအေဂျင်စီသို့   ပြောသည်။

တာချီလိတ်မြို့တွင် ကရင်အမျိုးသားစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ငှက်ပျောခြံတွင် နှစ်စဉ်ကျင်းပလာခဲ့ရာမှ ယခုနှစ်တွင် မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းရှိ  ဟုတ်တက်ခန်းမသို့ ပြောင်းရွှေ့ကျင်းပလာခြင်းဖြစ်သည်။

ကရင်အမျိုးသားစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ကရင်သက္ကရာဇ် ၂၇၅၉ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့ နံနက် (၇)နာရီတိတိ၌ ကရင်အမျိုးသားအလံတော် လွှင့်တင်ခြင်းဖြင့် စတင်ဖွင့်လှည်မည်ဖြစ်ပြီး နေ့လယ် (၁၂)နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်သစ်ကူးပွဲတော်တွင် ကရင်တိုင်းရင်းသား သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊ ကရင်တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေခြင်း၊ ကရင်ရိုးရာအစားအသောက်များဖြင့် ကျွေးမွေးခြင်းတို့ဖြင့် အခမ်းအနားကို ကျင်းပလေ့ရှိပြီး ဒေသတွင်းမှ ကရင်တိုင်းရင်းသားများနှင့်အတူ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်များလည်း တက်ရောက်လေ့ရှိခြင်းဖြစ်သည်။
Tachileik News Agency
သတင်း ဟန်စိုးထိုက်

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~