တာချီလိတ်သတင်းအေဂျင်စီ သတင်းဌာန၏ စာဖတ်ပရိတ်သတ်များသို့ လေးစားစွာ အသိပေးခြင်း

တာချီလိတ်သတင်းအေဂျင်စီ သတင်းဌာန၏ စာဖတ်ပရိတ်သတ်များသို့ လေးစားစွာ အသိပေးခြင်း
မတ် 8, 2021 | ရှမ်းရှေ့
By Tachileik News Agency

တာချီလိတ်သတင်းအေဂျင်စီ သတင်းဌာန၏ စာဖတ်ပရိတ်သတ်များသို့ လေးစားစွာ အသိပေးခြင်း

ရက္စြဲ - ၈.၃.၂၀၂၁

၁။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အခြေစိုက်သည့် တာချီလိတ်သတင်းအေဂျင်စီ (Tachileik News Agency) သည် အမှီအခိုကင်း၍ လွတ်လပ်သည့် သတင်းဌာနတစ်ခုအဖြစ် ရပ်တည်ကာ လူထုအခြေပြုမူဝါဒဖြင့် သတင်းကျင့်ဝတ်နှင့်အညီ သတင်းထုတ်လုပ်နေခြင်းဖြစ်ပါသည်။

၂။ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ နိုင်ငံတော်အာဏာသိမ်းပြီးချိန်မှစ၍ သတင်းလွတ်လပ်ခွင့်အား ကန့်သတ် ဟန့်တားခြင်းများအား စတင်ကြုံတွေ့လာရသည့်အပြင် သတင်းသမားများ၏ လုံခြုံရေးကို ထိပါးလာမည့် အခြေအနေများ ကြုံလာရသဖြင့် ဖေဖေါ်ဝါရီလဆန်းမှစ၍ တာချီလိတ်သတင်းအေဂျင်စီ (Tachileik News Agency) ၏ သတင်းဌာနရုံးခန်းကို  မူလနေရာမှ အခြားနေရာသို့ စတင်ပြောင်းရွှေ့ခဲ့ပြီး ဖြစ်ပါသည်။

၃။ ဖေဖေါ်ဝါရီလ (၉) ရက်နေ့မှစ၍ တာချီလိတ်သတင်းအေဂျင်စီ (Tachileik News Agency) ၏ သတင်းသမားများအား ဖမ်းဆီးရန် လိုက်လံရှာဖွေခြင်းများအား စတင်ကြုံတွေ့ခဲ့ရသဖြင့် သတင်းဌာန၏ လွတ်လပ်စွာ သတင်းထုတ်လုပ်တင်ဆက်မှုအား ဆက်လက် လုပ်ကိုင်နိုင်ရန်နှင့် သတင်းသမားများ၏ လုံခြုံရေးအတွက် ရုံးခန်းနေရာအား အများပြည်သူသို့ အသိပေးနိုင်ခြင်း မရှိသည်ကို နားလည်ပေးကြပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

၄။  တာချီလိတ်သတင်းအေဂျင်စီ (Tachileik News Agency) သတင်းဌာန အနေဖြင့် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းဌာနအဖြစ် လူထုအခြေပြုသတင်းများကို သတင်းကျင့်ဝတ်နှင့်အညီ ဆက်လက် ထုတ်လုပ်နေမည်ဖြစ်ပါကြောင်းနှင့် သတင်းဌာန၏ သတင်းသမားများ လွတ်လပ်စွာသတင်း ရယူခွင့် အကန့်အသတ် ဖြစ်နေချိန်အတွင်း မိမိတို့ဝန်းကျင်မှ အဖြစ်အပျက်များအား သတင်းအချက်အလက်များကို ဖုန်း + 856 2098205570 သို့ viber မှတစ်ဆင့် ဆက်သွယ်ပေးပို့ပါက အချက်အလက် စိစစ်၍ တင်ပြပေးသွားမည် ဖြစ်ပါသည်။

၅။ သတင်းအချက်အလက်များ ပေးပို့လိုသူများအနေဖြင့် ကိုယ်တိုင်မြင်တွေ့သည့် အဖြစ်အပျက်မှတ်တမ်းပုံ၊ ဗီဒီယိုဖိုင်၊ အချက်အလက်များကို မြင်တွေ့သည့်အတိုင်း ပေးပို့နိုင်ကြမည်ဖြစ်ပြီး တစ်ဆင့်သိရပါကလည်း  ကိုယ်တိုင်မြင်တွေ့သူထံမှ တတ်နိုင်သမျှ အတည်ပြုထားပြီးမှ ပေးပို့ကြခြင်းဖြင့် မြေပြင် ပကတိ အခြေအနေ များအား အချိန်နှင့်တပြေးညီ တင်ဆက်ပေးနိုင်ရန် အထောက်အကူပြုမည်ဖြစ်ပါသည်။

Tachileik News Agency