ကျိုင်းတုံမြို့ရှိ ယဉ်ကျေးမှုပြတိုက်တွင် အများပြည်သူများ ကြည့်ရှုလိုပါက ပိတ်ရက်တွင်လည်း ဖွင့်လှစ်ပေးမည်

ကျိုင်းတုံမြို့ရှိ ယဉ်ကျေးမှုပြတိုက်တွင် အများပြည်သူများ ကြည့်ရှုလိုပါက ပိတ်ရက်တွင်လည်း ဖွင့်လှစ်ပေးမည်
ဖေဖော်ဝါရီ 7, 2020
By Tachileik News Agency

 ကျိုင်းတုံမြို့ရှိ ယဉ်ကျေးမှုပြတိုက်တွင် အများပြည်သူများ ကြည့်ရှုလိုပါက ပိတ်ရက်တွင်လည်း ဖွင့်လှစ်ပေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ တစ်ခုတည်းသော ပြတိုက်ဖြစ်သည့် ကျိုင်းတုံမြို့ရှိ ယဉ်ကျေးမှုပြတိုက်တွင် အများပြည်သူ ကြည့်ရှုလိုပါက ပိတ်ရက်တွင်လည်း ဖွင့်လှစ်ပြသပေးနေကြောင်း သိရသည်။

တစ်ချို့က နယ်ကနေလာလည်တယ်။ နောက်တစ်ခေါက် မလာနိုင်တာဖြစ်တဲ့အတွက် သူတို့လည်းကြည့်သွားချင်တယ်ဆိုရင် ကိုယ်ကလည်း ကြည့်သွားစေချင်လို့။ ပြတိုက်ဆိုတာက အများပြည်သူလေ့လာဖို့ထားတာဖြစ်တဲ့အတွက် ပိတ်ရက်မှာလည်း ဖွင့်ပေးတာ။ ကိုယ်လည်းရှိနေတယ်၊ ကြည့်ချင်တဲ့သူ လာတယ်ဆိုရင် ဖွင့်ပေးလိုက်တာ

ဟု ကျိုင်းတုံမြို့ ရှေးဟောင်းသုသေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ ယဉ်ကျေးမှုပြတိုက်ကို အပတ်စဉ် အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ မနက် (၉) နာရီခွဲမှ ညနေ (၄) နာရီခွဲအထိ ဖွင့်လှစ်ပြသထားပြီး နိုင်ငံခြားသားတစ်ဦးလျှင် ကျပ် (၅,၀၀၀)၊ ပြည်တွင်းဧည့်သည်များအတွက် ကျပ် (၂၀၀) နှုန်းဖြင့် ဝင်ရောက်လေ့လာခွင့်ပြုထားပြီး သံဃာတော်များနှင့် ကျောင်းသားများကို ဝင်ကြေးအခမဲ့ ပေးထားကြောင်း အပြင် ပြတိုက်ပိတ်ရက်ဖြစ်သည့် တနင်္လာနေ့တွင် လာရောက်လေ့လာသူများရှိပါက ဝန်ထမ်းများက ပြတိုက်ကို ဖွင့်လှစ်ပေးပြီး ဝင်ရောက်လေ့လာခွင့်ပြုထားကြောင်း သိရသည်။

ပြတိုက်မြေညီထပ်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အများဆုံးနေထိုင်တဲ့ တိုင်းရင်းသားတွေကို အဓိကထားပြသထားပါတယ်။ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုတွေ၊ အသုံးအဆောင်တွေကို ပြသထားတာပါ။ အပေါ်ထပ်မှာကျတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာနေထိုင်တဲ့ လူမျိုးတွေရော၊ မြန်မာနိုင်ငံမှာနေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ ဝတ်စားဆင်ယင်မှုကို ဒီဒေသကလူတွေလေ့လာနိုင်အောင်ပြသထားတယ်

ဟု ကျိုင်းတုံမြို့ ရှေးဟောင်းသုသေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ ယဉ်ကျေးမှုပြတိုက်တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှုများ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် နေထိုင်သည့် တိုင်းရင်းသားလူမျိုးများ၏ ဝတ်စားဆင်ယင်မှုများ၊ အသုံးအဆောင် ပစ္စည်းများ၊ ကျိုင်းတုံမြို့၏ လက်မှုပညာဖြစ်သည့် ရွှေရေးယွန်းထည်ပစ္စည်းများနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုပြခန်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တန်ခိုးကြီးဘုရားများ၏ ပုံစံတူရုပ်ပွားတော်များ၊ ရပ်တော်မှုဘုရားကြီးတည်ဆောက်ရန် တူးဖော်စဉ်က ရရှိသည့် အုတ်ခွက်ဘုရားများ၊ ဌာပနာပစ္စည်းများကို ပြသထားကြောင်း သိရသည်။     

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~