မကွေးမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းကာ ဖမ်းဆီး

မကွေးမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းကာ ဖမ်းဆီး
By မကွေး

ယနေ့ဖေဖော်ဝါရီလ(၂၇)ရက် နံနက်ပိုင်းတွင် မကွေးမြို့ သစ္စာလမ်း၌ ဆန္ဒပြလူအုပ်စုအား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး အသုံးပြုလူစုခွဲ၍ လူ (၁၀)ဦးထက် မနည်း ဖမ်းဆီးခဲ့ရာ အမျိုးသမီးသတင်းထောက် (၁)ဦးပါရှိ သွားသော်လည်း ချက်ချင်းပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

"ကျွန်မကို အချုပ်ကားပေါ်မှာတော့  သတင်းထောက်ဆိုတာ သိပြီး ချက်ချင်းပဲ ပြန်လွှတ်ပေးခဲ့ပါတယ်" ဟု သတင်းထောက် မဇာဇာက ပြောသည်။

ဖမ်းဆီးခဲ့သူများအနက် လတ်တလော (၃)ဦးသာ ကျန်ရှိကြောင်းသိရပြီး ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ (၃)ဦးကိုလည်း ချက်ချင်းပင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

"မကွေးတက္ကသိုလ်က ကျောင်းသား (၁)ဦး အပါအဝင်  သူတို့ (၃)ဦးကို လာမယ့်တနင်္လာနေ့မှာ ရုံးထုတ်တဲ့အချိန်မှပဲ ကျနော်တို့ ဆက်ပြီး ဆောင်ရွက်စရာရှိတာတွေ ဆောင်ရွက်ရတော့မှာပါ။ ကျွန်တော်တို့ ရှေ့နေများက တရားဝင် ကိုယ်စားလှယ်လွှဲစာရယူပြီး လိုက်ပါဆောင်ရွက် ပေးကြမှာဖြစ်ပါတယ်"ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင် က ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူ (၃)ဦး ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ ဖြင့် အမှု ဖွင့်ထားကြောင်း ရှေ့နေများ၏ ပြောကြားချက်အရ သိရသည်။

Tachileik  News Agency