ခေါဇာမြို့ရှိ ရဲစခန်းကို မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့(တောင်ပိုင်း)က ဝင်ရောက် စီးနင်းတိုက်ခိုက်

 မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့(တောင်ပိုင်း)၊ Photo: Mon State Defense Force - တောင်ပိုင်း
မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့(တောင်ပိုင်း)၊ Photo: Mon State Defense Force - တောင်ပိုင်း
ခေါဇာမြို့ရှိ ရဲစခန်းကို မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့(တောင်ပိုင်း)က ဝင်ရောက် စီးနင်းတိုက်ခိုက်
စက်တင်ဘာ 1, 2022 | အခြားဒေသများ

မွန်ပြည်နယ်၊  ခေါဇာမြို့ရှိ ရဲစခန်းကို ယနေ့ စက်တင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း MSDF-S မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့(တောင်ပိုင်း)က သတင်းထုတ်ပြန်လာသည်။

ယနေ့ နံနက် ၆ နာရီ အချိန်တွင် MSDF-S မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့(တောင်ပိုင်း)မှ ရဲဘော်များ ဆင်ဖြူစစ်ဆင်ရေးအမည်ဖြင့် ဝင်ရောက်တိုက်ခိုက်ရာ စခန်းအတွင်းရှိ ရဲများနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ကနဦးသတင်းများအရ ရဲများ အသေအပျောက်ထိခိုက် ဒဏ်ရာများရရှိသည်ဟု သိရသော်လည်း အရေအတွက်အတိအကျ စာရင်းကို စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုတွင် MSDF-S  ဆင်ဖြူစစ်ဆင်ရေးရဲဘော်များ အောင်မြင်ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

 ဆင်ဖြူစစ်ဆင်ရေးသည် MSDF-S မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့(တောင်ပိုင်း) စတင် တည်ထောင်စဉ်ကတည်းက ပထမဦးဆုံးသော စစ်ဆင်ရေးဖြစ်ပြီး စစ်အာဏာရှင်ပြုတ်ကျသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

မွန်ပြည်သူအများစု နေထိုင်ရာ ခေါဇာမြို့ တွင် အခြေချထားသည့် ရဲစခန်းနှင့် ခလရ တပ်ရင်း (၃၁)တို့ သည် ရေးတောင်ပိုင်းဒေသအတွင်း မွန်လူငယ်များအကြား မူးယစ်ဆေးဝါး ဖြန့်ဖြူးရာတွင် အဓိက အားဖြင့် ငွေကြေးရယူကာ မျက်ကွယ်ပြုထားပြီး တရားမဝင်လုပ်ငန်းများကနေ  ဝင်ငွေ ရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။