စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ထိုင်းနိုင်ငံသို့သွားရောက်ကာ တွေ့ဆုံဆွေးနွေးနေ

စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ထိုင်းနိုင်ငံသို့သွားရောက်ကာ တွေ့ဆုံဆွေးနွေးနေ
ဖေဖော်ဝါရီ 24, 2021 | နိုင်ငံရေး

စစ်တပ်က အာဏာသိမ်းပြီး ခန့်အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ပထမဆုံး နိုင်ငံခြားခရီးအဖြစ် ထိုင်းနိုင်ငံသို့ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် ရောက်ရှိနေပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံနေပြီဖြစ်သည်။

တွေ့ဆုံမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုထားဆဲဖြစ်သည်။

ထိုင်းနိုင်ငံသို့ လာရောက်ခြင်းမှာ မြန်မာနိုင်ငံ၏လက်ရှိအခြေအနေနှင့်ပတ်သက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးလုပ်ရန် အင်ဒိုနီးရှားနိုင်ငံခြားဝန်ကြီး၏ တိုက်တွန်းမှုကြောင့် လာရောက်ခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်လည်း ထိုင်းနိုင်ငံတွင် တွေ့ဆုံမည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၏ မြန်မာ့အရေးနှင့်ပတ်သက်၍ ရပ်တည်မှုကို မြန်မာပြည်သူလူထုက ကန့်ကွက်မှုများနှင့် ကြုံတွေ့ရပြီးနောက် အင်ဒိုနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ လာရောက်တွေ့ဆုံမည့် ခရီးစဉ်ကို ဖျက်သိမ်းကာ ထိုင်းနိုင်ငံ၌ တွေ့ဆုံကြမည်ဖြစ်ကြောင်း သိရသည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖမ်းဆီးကာ စစ်အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နေရာတွင် ဦးဝဏ္ဏမောင်လွင်အား ခန့်အပ်လာခြင်းဖြစ်သည်။



Tachileik News Agency