ဘုရားသုံးဆူတွင် မြို့တွင်းနေရာအချို့၌ BGF များနေရာယူထားပြီး စစ်ကောင်စီတပ်က ပတ်ကင်းလှည့်နေ

ဘုရားသုံးဆူတွင် မြို့တွင်းနေရာအချို့၌ BGF များနေရာယူထားပြီး စစ်ကောင်စီတပ်က ပတ်ကင်းလှည့်နေ
By Tachileik News Agency

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် ယမန်နေ့ညပိုင်းက ထွေအုပ်နှင့် လဝကရုံးများ မီးရှို့ခံရပြီးနောက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၄)ရက်နေ့ နံနက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကားတစ်စီး၊ အိမ်စီးကားတစ်စီးဖြင့် မြို့ကိုပတ်ကင်းလှည့်နေကြောင်း သိရသည်။

ဒေသခံတွေကတော့ အခြေအနေကြည့်နေကြတာ။ အပြင်ထွက် သွားသွားလာလာ မလုပ်ကြဘူး။ အပြင်ထွက်သူ မရှိသလောက်ပဲ မတွေ့ရဘူး

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



စစ်ကောင်စီတပ်က အင်အား ၂၀ ဝန်းကျင်ဖြင့် မြို့ပတ်ကင်းလှည့်နေသည့်အပြင် ထွေအုပ်ရုံး၊ လဝကရုံးနှင့် နှင်းဆီလမ်းထောင့်တို့တွင် BGF အဖွဲ့များ နေရာယူထားသည်ကိုတွေ့ရကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီ၏ အမြောက်တပ်က ယနေ့နံနက်ပိုင်းတွင် ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်းလည်း သိရသည်။

ဘုရားသုံးဆူမြို့တွင် ရုံးရှေ့လုံခြုံရေးဘန်ကာများဖြင့် ပိတ်ဆို့ထားသည့် ထွေအုပ်ရုံးနှင့် လဝကရုံးတို့ကို ဇန်နဝါရီလ (၂၃)ရက်နေ့ညပိုင်းက မီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။