မုန်းမြို့နယ်အတွင်း KNLA တပ်များနှင့် ၅ ရက်တာ တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်း သေဆုံး

KNLA တပ်သားတစ်ဦး
KNLA တပ်သားတစ်ဦး
မုန်းမြို့နယ်အတွင်း KNLA တပ်များနှင့် ၅ ရက်တာ တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်း သေဆုံး
By Tachileik News Agency

ကရင်ပြည်နယ်၊ မုန်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNLA တပ်တို့အကြား ၂၀၂၂ ခုနှစ်၊  ဩဂုတ်လ (၅ )ရက်နေ့က စတင်ကာ (၁၀) ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်သား (၁၀)ဦးထက်မနည်း သေဆုံးသည်ဟု  KNU ဗဟိုက ယနေ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မုန်းမြို့နယ်အတွင်းရှိ တယ်ပေါနှင့် ကရင်မြက်ရဲကျွေးရွာအကြား၌ ဩဂုတ်လ (၁၀) ရက်နေ့က  KNLA တပ်ရင်း (၈)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားရာတွင် စစ်ကောင်စီတပ်သား(၉)ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသည့် စာရင်းကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

KNLA၊ တပ်ရင်း (၈)နှင့် စစ်ကောင်စီတပ်တို့  ပြီးခဲ့သည့် ဩဂုတ်လ(၆)ရက်နေ့ ညနေပိုင်းတွင်  ကြိုးပင်ဆိပ်ရှိ စစ်ကောင်စီစခန်း၌ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင်လည်း စစ်ကောင်စီတပ်သား (၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ မုန်းမြို့နယ်အတွင်းရှိ ငှက်ပျောတောကျေးရွာအနီးတဝိုက်တွင် ဩဂုတ်လ (၅)ရက်နေ့၊ ညနေပိုင်းကလည်း  KNLA တပ်ရင်း (၈)နှင့်  စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အရာခံဗိုလ်(၁)ဦးနှင့် တပ်သား(၁)ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သူများကို အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် နိုင်ငံတဝန်း ယခင်က တိုက်ပွဲဖြစ်ပွားခဲ့ဖူးခြင်းမရှိသည့် ဒေသများပါမကျန် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ခိုက်မှုများ နေရာအနှံ့ ဖြစ်ပွားလာခြင်းဖြစ်သည်။