စစ်တပ်အနေဖြင့် မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှု ရပ်တန့်ရန် အမေရိကန်သံရုံး ထုတ်ပြန်

စစ်တပ်အနေဖြင့် မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှု ရပ်တန့်ရန် အမေရိကန်သံရုံး ထုတ်ပြန်
ဖေဖော်ဝါရီ 20, 2021 | နိုင်ငံရေး

စစ်တပ်အနေဖြင့် မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်ခြင်းအား ရပ်ကိုရပ်တန့်ရပါမည်ဟု မန္တလေးတွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့က ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဆန္ဒထုတ်ဖေါ်သည့် လူထုအား ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရမှုများဖြစ်ခဲ့မှုနှင့်ပတ်သက်၍ မြန်မာဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်လိုက်သည်။

ဆန့်ကျင်သွေဖယ်ခွင့်ကို ကျင့်သုံးခြင်းကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်နစ်နာ၍ အန္တရာယ်မကျရောက်သင့်ပါ ။ မြသွဲ့သွဲ့ခိုင် နေပြည်တော်တွင်သေဆုံးပြီးနောက်တစ်ရက်၌ မန္တလေးတွင်ဆန္ဒပြသူများအား အသက်သေအောင်ပစ်ခတ်မှုကြောင့် မိမိတို့ အလွန်အမင်းစိတ်သောက ဖြစ်မိပါသည်။ စစ်တပ်အနေဖြင့် မြန်မာပြည်သူလူထုအပေါ်အကြမ်းဖက်ခြင်းအား ရပ်ကိုရပ်တန့်ရပါမည်။

ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှဝန်ထမ်းများက စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုတွင် ပါဝင်နေသည်ကို လာရောက်ဖိအားပေးသဖြင့် ရပ်ကွက်နေလူထုက ဝန်ထမ်းများအား အကာအကွယ်ပေးနိုင်ရန်  လာရောက်ဝန်းရံပြီး ငြိမ်းချမ်းသည့် နည်းလမ်းဖြင့်ဆန္ဒထုတ်ဖေါ်ကြသည်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူများအပြင် အနီးဝန်းကျင် အိမ်များ၊ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းထိ လိုက်လံပစ်ခတ်ရိုက်နှက်ခြင်းများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရသည့် ဆရာဝန် တစ်ဦးထံမှ သိရသည်။

ကျွန်တာ်တို့ရဲမှူးအထဲမှာကျန်နေတယ်။ သူရောက်တာနဲ့ကျွန်တော်တို့ဆုတ်မှာပါ။ ပြည်သူတွေကို ထိန်းပေးပါ ဆိုလို့ ထိန်းပေးခဲ့တယ်။ ပြည်သူတွေကိုယ်တိုင်ကလမ်းဖယ်ပေးတယ်။ ဖယ်ပေးတဲ့လမ်းမှာရေကားရပ်ပြီး စဖြိုခွင်းတယ်။ နောက် ရိုက်တယ် သူ့ဟာသူရပ်နေတဲ့ အဘွားကိုတောင် ခေါင်းကွဲအောင်ဝိုင်းရိုက်တယ်။ ပြီးတော့ပစ်တယ်။ အိမ်တွေထဲထိ ဘုန်းကြီးကျောင်းဝင်းထိလိုက်ပစ်တယ်။ ခေါင်းထောင်လာတာနဲ့ ဟိုကောင်ဟိုမှာ ခေါင်းထောင်လာပြီ ပစ်ဆိုပစ်ခိုင်းတယ်။ ဖမ်းခံရတဲ့သူတွေကို လှုပ်တာနဲ့ပစ်သတ်မယ် လို့ခြိမ်းခြောက်တယ်။

ဟု ဆန္ဒထုတ်ဖေါ်သူများအား ပစ်ခတ်နှိမ်နှင်းချိန်က အဆိုပါနေရာတွင် ရှိနေသည့် ဆရာဝန်တစ်ဦးက ပြောသည်။



စစ်တပ်က နိုင်ငံတော်အာဏာသိမ်းထားသည့် ရက်ပေါင်း (၂၀)အတွင်း  ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်နေကြသည့် လူထုအား ပစ်ခတ်နှိမ်နှင်းမှုများကြောင့် နေပြည်တော်မှ အသက် (၂၀) အရွယ် အမျိုးသမီး (၁) ဦး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးခဲ့ရပြီး ယနေ့ မန္တလေးလူထုအား ပစ်ခတ်မှုကြောင့် အမျိုးသား (၂)ဦး ဦးခေါင်းဒဏ်ရာနှင့် ရင်ဘတ်ဒဏ်ရာများ ဖြင့် သေဆုံးခဲ့ရပြီဖြစ်သည်။

Tachileik News Agency