နန်းဖယ်ခုံနှင့်အနီးတဝိုက် ကျေးရွာများမှ စစ်ဘေးရှောင်များ ဘေးကင်းလုံခြုံစွာနေရပ်ပြန်နိုင်ရေးသတိပြုကြရန် KNDF အသိပေး

နန်းဖယ်ခုံနှင့်အနီးတဝိုက် ကျေးရွာများမှ စစ်ဘေးရှောင်များ ဘေးကင်းလုံခြုံစွာနေရပ်ပြန်နိုင်ရေးသတိပြုကြရန် KNDF အသိပေး
By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း နန်းဖယ်ခုံမြို့နှင့်အနီးတဝိုက်တွင် ပြီးခဲ့သည့်နှစ်ကတည်းက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးတပ်စွဲထားသည့် စစ်ကောင်စီတပ်များက ထောင်ထားသည့်မိုင်းအန္တရာယ်နှင့် ဖမ်းဆီးနှိပ်စက်၊ အသက်အန္တရာယ်ပြုခြင်းများကို သတိပြုကြရန် KNDF က ဒေသတွင်း စစ်ဘေးရှောင်များအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ဒီးမော့ဆိုမြို့နယ်၊ နန်းဖယ်ခုံမြို့မှ  ဒေါငံခါးကျေးရွာများအထိဒေသများတွင် စစ်ကောင်စီတပ်က ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ တပ်စွဲထားပြီး ကျေးရွာများအတွင်း မြေမြုပ်မိုင်းများနှင့် တိုက်မိုင်းများ ထောင်ထားခဲ့သည့်အပြင် နေရပ်ပြန်နေသော ပြည်သူများကို တွေ့ရှိပါကလည်း ဖမ်းဆီးနှိပ်စက်ခြင်းများကြောင့် အသက်သေဆုံးရသည့်အရပ်သားများလည်း ရှိနေကြောင်း သိရသည်။

ယင်းအပြင်  နေရပ်ပြန်လာသောပြည်သူများအား အကာအကွယ်ယူပြီး ပြည်သူ့ကာကွယ်ရေးတပ်များကို တိုက်ခိုက်ခြင်းများပါ လုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့များက ကျေးရွာအတွင်းရှိ ငြိမ်းချမ်းရေးအဖွဲ့အစည်းများကို အသုံးချကာ နယ်မြေအေးချမ်းပြီဖြစ်၍ နေရပ်ပြန်လာကြရန် သတင်းမှားများ ဖြန့်နေသည်ဟုလည်း သိရသည်။

ဒီးမော့ဆိုမြိုနယ် နန်းဖယ်ခုံမြိုမှ ဒေါငံခါးရပ်ကွက်များအထိ ဒေသအတွင်း တိုက်ပွဲများမကြာခဏဖြစ်ပွားနေ၍  စစ်ဇုန်စဖွယ်ဖြစ်နေကာ တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်နိုင်သည့် အခြေအနေများရှိနေ၍ နေရပ်ပြန်ပြည်သူများ တိုက်ပွဲအတွင်း ပိတ်မိနေနိုင်ကြောင်းလည်း KNDF က သတိပေးထားသည်။

နန်းဖယ်ခုံမြို့မှ ဒေါငံခါးရပ်ကွက်များအထိ ကျေးရွာများအတွင်းမှ စစ်ဘေးရှောင်များအနေဖြင့် ဒေသနယ်မြေအခြေအနေ လုံခြုံစိတ်ချရမှုရှိမှ ပြန်လည်နေထိုင်ကြရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။