နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ပါဝင်လာသည့် KySDP ပါတီ၏ ဒုတိယ ဥက္ကဌအား ပါတီမှ ထုတ်ပယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ပါဝင်လာသည့် KySDP ပါတီ၏ ဒုတိယ ဥက္ကဌအား ပါတီမှ ထုတ်ပယ်
ဖေဖော်ဝါရီ 5, 2021 | နိုင်ငံရေး| ကယား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဌအဖြစ် တာဝန်ယူ ဖွဲ့စည်းလိုက်သည့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်လာသော ကယားပြည်နယ်ဒီမိုကရက်ပါတီ(KySDP) ဒုတိယဥက္ကဌအား ပါတီမှ ထုတ်ပယ်လိုက်ကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ကြေညာလိုက်သည်။ 

ကယားပြည်နယ် ဒီမိုကရက်ပါတီ ဒုတိယ ဥက္ကဌ ဦးစောဒန်နီယယ်မှာ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့တွင် ပါဝင်နေခြင်းနှင့် ပက်သက်၍ ပါတီဗဟိုကော်မတီမှ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ခေါ်ယူဆွေးနွေးခဲ့ရာ ၎င်းမှာ မိမိဆန္ဒသဘောဖြင့် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် ပါတီဒုတိယဥက္ကဌအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ပါတီဗဟိုကော်မတီက ထုတ်ပြန်ကြေညာသည်။ 

တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် နောက်ဆက်တွဲအဖြစ် ကယားပြည်နယ်ဒီမိုကရက်ပါတီအတွင်း ညီညွှတ်မှုကို အားနည်းစေသည့် ကိစ္စများအပြင် လူထုမှ ပါတီအပေါ် ယုံမှားသံသယ ဖြစ်စေသည့် ကိစ္စ ရပ်များပေါ်ပေါက် ကြုံတွေ့နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

တပ်မတော်မှ အာဏာသိမ်း၍ ပြန်လည်ဖွဲ့စည်းလိုက်သော နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်အဖြစ် ဖြည့်စွက်ဖွဲ့စည်းလိုက်သည့် (၅)ဦးတွင် ကယားပြည်နယ်မှ ဦးစောဒန်နီယယ်မှာ အဖွဲ့ဝင်အဖြစ်ပါဝင်လာခြင်းဖြစ်သည်။ 

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဖွဲ့စည်းရာတွင်  မည်သည့်အဆင့်တွင်မဆို  ကယားပြည်နယ် ဒီမိုကရက်ပါတီ အနေဖြင့် လုံးဝ ပါဝင်ပတ်သက်မှုမရှိသလို ပါဝင်ပတ်သက်သည့်ပါတီဝင်များရှိပါကလည်း ပါတီမှ အလိုလျောက်နှုတ်ထွက်ပြီး ဖြစ်သောကြောင့် ပါတီနှင့် သက်ဆိုင်မှု မရှိကြောင်းပါတီ ဗဟိုကော်မတီအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။



အဆိုပါကောင်စီတွင် ပါဝင်သည့် ပဒိုမန်းငြိမ်းမောင်ကိုလည်း KNU အဖွဲ့နှင့် မသက်ဆိုင်ကြောင်း ဖေဖေါ်ဝါရီလ (၃) ရက်နေ့တွင် KNU ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

 

ဆန်းဖြိုးထွန်းသည် Tachileik News Agency ၏ ကယားပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်ဖြစ်သည်။