နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်အာဏာသိမ်း ကောင်စီက ပုဒ်မ(၃)ခုဖြင့် အမှုဖွင့်ထား 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်အာဏာသိမ်း ကောင်စီက ပုဒ်မ(၃)ခုဖြင့် အမှုဖွင့်ထား 
ဖေဖော်ဝါရီ 17, 2021 | နိုင်ငံရေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်အာဏာသိမ်းကောင်စီက ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နိုင်ငံတော်၏ အာဏာသိမ်းခံရသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၆)နာရီခွဲအချိန်က စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့မှ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အား ဝင်ရောက်ရှာဖွေပြီး အနီးကပ်လုံခြုံရေးအဖွဲ့ထံမှ စကားပြောစက် (၆)လုံး၊ ဂိတ်ကင်းတွင် စကားပြောစက် (၃)လုံး နှင့် ကိုယ်ရေးအရာရှိအဆောင်တွင် စကားပြောစက် (၁)လုံးအပြင် jamber (၁)စုံတို့ကို တွေ့ရှိ သိမ်းဆည်းရမိ၍ ဒေါ်အောင်ဆန်းစုကြည်အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၆၇)ဖြင့် အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ္စည်းများအား ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်၍ ဆက်သွယ်ရေးပစ္စည်းများအား ခွင့်ပြုချက်မရှိဘဲ တင်သွင်း၍ အသုံးပြုကာ တရားမဝင်တင်သွင်းသည်ဟု ဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ (၈)ဖြင့် ထပ်တိုးကာ အမှုဖွင့်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲကာလမတိုင်မီက အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ဖောက်ဖျက်၍ လူဦးရေ (၃၀)ဦးထက် ကျော်လွန်ပြီး ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များကြောင့်ဟု ဆိုကာ  ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂)ရက်နေ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)ဖြင့်လည်း  ဇမ္ဗူသီရိမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထိန်းသိမ်းလိုက်သည့်နေ့က ပြည်သူများမှာ ပို့ကုန်သွင်းကုန် ဥပဒေ တစ်ခုတည်းဖြင့်သာ အရေးယူထားသည်ဟု  သိထားကြသော်လည်း ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေဖြင့် ထပ်တိုးဖွင့်လိုက်သည်ဟု ထပ်မံသိရသော်လည်း တကယ်တမ်းမှာ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေတို့ဖြင့် ဖေဖော်ဝါရီလ(၁)ရက်နေ့ နှင့် ဖေဖော်ဝါရီလ(၂)ရက်နေ့များက ပုဒ်မ (၃)ခုဖြင့် ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း သိရှိသည်။



Tachileik News Agency