ကျိုင်းတုံမြို့တွင် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ကျောင်းဆရာမ တစ်ဦးကို စစ်တပ်က ဖမ်ဆီး

ကျိုင်းတုံမြို့တွင် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ကျောင်းဆရာမ တစ်ဦးကို စစ်တပ်က ဖမ်ဆီး
ဖေဖော်ဝါရီ 9, 2021 | နိုင်ငံရေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ဖဲကြိုးနီကမ်ပိန်းတွင်ပါဝင်ပြီး CDM ကို ထောက်ခံရာတွင် ပါဝင်သည့် ပညာရေးဝန်ထမ်းများထဲက ဆရာမ (၁) ဦးကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၉) ရက်နေ့ နံနက် အစောပိုင်း (၄)နာရီ မိနစ်(၄၀) ဝန်းကျင်က နေအိမ်၌ စစ်တပ်က လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။



 ကျွန်မတို့ ပညာရေးဝန်ထမ်းတွေကစပြီး ဖဲကြိုးနီ ကမ်ပိန်းလုပ်တယ်။ လာဖမ်းရင် အားလုံးလိုက်မယ်ဆိုပြီး နေတာ။ အခုက တစ်ယောက်ထဲကိုပဲ ရွေးချယ်သွားတာ။ စစ်သားရော၊ ရဲမေရော၊ ထွေအုပ်စာရေးရော၊ စရဖရော ပါတယ်။ သူတို့က စခန်းကို ခဏလိုက်ခဲ့ပါပြောတယ်။ အဲဒါ ဆရာမက ဘာအကြောင်းနဲ့ လိုက်ရမလဲ အိမ်မှာ ပြောပါဆိုတာကို သူတို့က ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတယ်။ ဒါဆို အဝတ်အစား ခဏလဲမယ်ဆိုတာကို အချိန်ဘယ်လောက်ကြာမှာလဲဆိုပြီး ခေါ်သွားတယ်။

ဟု ပညာရေးဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖမ်းဆီးခံရသည့် ကျောင်းဆရာမနန်းရှဲန်လာ (ခ) မီ​ဆောသည် ကျိုင်းတုံမြို့တွင် လူမှုရေးလုပ်ငန်းများ နှင့် မြို့သာယာလှပရေးလုပ်ငန်းများ စသည့် လူမှု အကျိုးပြုလုပ်ငန်းများတွင် စိတ်ရောကိုယ်ပါ ဆောင်ရွက်နသူ ဖြစ်သည်။



မဲစာရင်းမှား၍ဟုဆိုကာ စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူလူထုက နည်းမျိုးစုံဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေကြရာ ဖေဖေါ်ဝါရီလ (၈) ရက်နေ့ ညပိုင်းမှစ၍ ညမထွက်ရ၊ လူမစုရအမိန့်ထုတ်လိုက်ပြီး ဖေဖေါ်ဝါရီလ (၉) ရက်နေ့ နံနက်အစောပိုင်းတွင် ဆန္ဒထုတ်ဖေါ်သူများကို နေအိမ်များ၌ လိုက်လံဖမ်းဆီးခြင်းကို လုပ်ဆောင်လာခြင်းဖြစ်သည်။

Tachileik News Agency