မြစ်ကြီးနားမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် သတင်းသမား (၅)ဦး ပြန်လည် လွတ်မြောက်

မြစ်ကြီးနားမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် သတင်းသမား (၅)ဦး ပြန်လည် လွတ်မြောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ ညပိုင်းက သတင်းရယူနေစဉ် စစ်တပ်က ဖမ်းဆီးထိန်းသိမ်းသွားသည့် သတင်းသမား (၅) ဦးမှာ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။



မြစ်ကြီးနားမြို့ ဘူးဂါးလျှပ်စစ်ရုံးဝန်းအတွင်း စစ်တပ်ကဝင်ရောက်လာသဖြင့် မြို့အား လျှပ်စစ်မီးဖြတ်တောက်ခြင်းမပြုရန် တားမြစ်သည့် ပြည်သူလူထုအား လူစုခွဲဖြိုခွဲသည့်ဖြစ်ရပ်အား တိုက်ရိုက်ထုတ်လွှင့်နေသည့် 74 Media မှ ကိုထွယ်အောင်နှင့် ကိုနောင်ဆိုင်း၊ Mizzima မီဒီယာမှ ဆိုင်းလတ်အောင်၊ ထာဝရ ငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)မှ ကိုရန်ကောင်းနှင့် ကိုဝေယံတို့အား စစ်တပ်က ဖမ်းဆီးထိန်းသိမ်းသွားခြင်းဖြစ်သည်။



အဆိုပါ သတင်းများအား ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့်ပတ်သက်၍  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ က ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ထံ ဆက်သွယ်စုံစမ်းရာတွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးမှု မပြုလုပ်ထားကြောင်း အကြောင်းပြန်ပြီး သတင်းသမားများအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို စုံစမ်းသိရှိရသည်ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သတင်းထုတ်ပြန်သည်။

အဆိုပါ ထိန်းသိမ်းခံသတင်းသမားများအား ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) က ပြန်လည်ခေါ်ဆောင်ပေးလာခဲ့ကြောင်း သိရသည်။



Tachileik News Agency