ဒီးမော့ဆိုတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု လူနေရပ်ကွက်တွင်းကျ၍ တစ်ဦးသေ၊ နေအိမ်တစ်လုံးပျက်စီး

ဒီးမော့ဆိုတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု လူနေရပ်ကွက်တွင်းကျ၍ တစ်ဦးသေ၊ နေအိမ်တစ်လုံးပျက်စီး
ဇန်နဝါရီ 10, 2022 | နိုင်ငံရေး| ကယား
By Tachileik News Agency

ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းကို  အာဏာသိမ်းစစ်ကောင်စီ၏ လွိုင်ကော်အခြေစိုက် အမြောက်တပ်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးဖြင့် (၃) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သဖြင့် အရပ်သားအမျိုးသမီးတစ်ဦးသေဆုံးကာ နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ လွိုင်ကော်အခြေစိုက် အမြောက်တပ်က ယမန်နေ့ညပိုင်းတွင် တိုက်ပွဲမရှိဘဲ ဒီးမော့ဆိုဘက်ကို လက်နက်ကြီးများဖြင့်လှမ်း၍ ပစ်ခတ်ခဲ့ရာ နန်းမယ်ခုံမြို့၊ မြို့မရှမ်းရပ်ကွက်တွင်း ကျရောက်ပေါက်ကွဲရာ လက်နက်ကြီးသံကြောင့် အသက် (၅၅)နှစ်အရွယ် အမျိုးသမီး (၁) ဦးမှာ နှလုံးဖေါက်၍သေဆုံးသွားကြောင်း သိရသည်။

ယင်းအပြင် ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်တွင်လည်း နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကြောင်း သိရသည်။

 

အာဏာသိမ်းအဖွဲ့၏ စစ်တပ်က  လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းများလုပ်နေ၍ ပြည်သူများ သတိရှိရှိသွားလာနေထိုင်ကြရန် ဒီးမော့ဆို PDF က သတိပေးထားသည်။

နှစ်ပေါင်းများစွာ နိုင်ငံ့ဘတ်ဂျက်ကို အများဆုံးသုံးစွဲထားသည့် နိုင်ငံ့စစ်တပ်က စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများအား သာလွန်အင်အား၊ သာလွန်လက်နက်များအပြင် လေကြောင်းမှပါ တိုက်ခိုက်နှိမ်နှင်းရာတွင် အရပ်သားနေရာများပါမရှောင် ပစ်ခတ်တိုက်ခိုက်မှုများကို လုပ်နေကြသည်ကို တွေ့ရသည်။