အာဏာသိမ်းစစ်ကောင်စီက မိုင်းလားတွင် FPNCC အဖွဲ့ဝင် (၆)ဖွဲ့ဖြင့် ဆွေးနွေးနေ

အာဏာသိမ်းစစ်ကောင်စီက မိုင်းလားတွင် FPNCC အဖွဲ့ဝင် (၆)ဖွဲ့ဖြင့် ဆွေးနွေးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားတွင် FPNCC ( ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ)အဖွဲ့ဝင် (၆)ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ယနေ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးနေကြသည်။

အခြေအနေ မသိရသေးပါဘူး။ အစည်းအဝေးတက်နေတုန်းပါ

ဟု KIO/KIA ဘက်မှ တာဝန်ရှိသူ၏ ဖုန်းကို လက်ခံဖြေကြားပေးသူက Tachileik News Agency သို့ အတည်ပြုသည်။

FPNCC ( ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ) အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များဖြစ်ကြသည့် KIO/KIA၊ ULA/AA၊ PSC/NDAA၊ SSPP/SSA၊ PSLF/TNLA၊ MNTJP/MNDAA နှင့် UWSP/UWSA တို့အနက် (၆) ဖွဲ့ တက်သည်ဟုဆိုသော်လည်း မည်သည့်အဖွဲ့များဖြစ်သည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အဲဒီအစည်းအဝေးဆိုတာကို ကျွန်တော်ဘာမှ မသိသေးပါဘူး

ဟု PSLF/TNLA ၏ သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က Tachileik News Agency သို့ ပြောသည်။

အဆိုပါ အစည်းအဝေးသို့ UWSP/UWSA မတက်ဟု သတင်းများထွက်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

FPNCC အဖွဲ့ဝင်များအနက် လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့် MNTJP/MNDAA အဖွဲ့ကို အာဏာသိမ်းစစ်တပ်က ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကချင်ပြည်နယ်ဘက်တွင်လည်း အာဏာသိမ်းပြီးကတည်းက ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိနေခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက KNU တပ်မဟာ (၆)နယ်မြေရှိ လေးကေ့ကော်ကို ယနေ့ စတင်တိုက်ခိုက်နေချိန်တွင် FPNCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် တွေ့ဆုံမှုလုပ်နေခြင်းဖြစ်သည်။