ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်း (၂၀၀) နီးပါး ဖဲကြိုးနီ ကမ်ပိန်းပြုလုပ်

ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်း (၂၀၀) နီးပါး ဖဲကြိုးနီ ကမ်ပိန်းပြုလုပ်
ဖေဖော်ဝါရီ 3, 2021 | နိုင်ငံရေး| ကယား

ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်း (၂၀၀) နီးပါးက တပ်မတော်မှ အာဏာသိမ်းယူမှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် ဖဲကြိုနီးလှုပ်ရှားမှုအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ပြုလုပ်လာသည်။ 

ပြည်သူလူထု ဆန္ဒမဲနဲ့တက်လာတဲ့ ရွေးကောက်ခံအစိုးရပေါ့နော်။ ဖြုတ်ချပြီးတော့ မတရား အာဏာသိမ်းတာကို ငြိမ်းချမ်းစွာ ဆန္ဒပြကြတာပေါ့။ ဒီနေ့ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖဲကြိုးနီကမ်ပိန်းကို လှုပ်ရှားတာပေါ့

ဟု လှုပ်ရှားမှုတွင် ပါဝင်သည့်  လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာမျိုးခန့်ကိုကိုက ပြောသည်။ 

ဒီမိုကရေစီနည်းလမ်းဖြင့် တရားဝင်ရွေးကောက် တင်မြှောက်ထားသော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော အစိုးရနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များကိုသာ ထောက်ခံသွားမည်ဖြစ်ပြီး စစ်တပ်မှ ဦးဆောင်သည့်အစိုးရအား အယုံအကြည်မရှိဘဲ ထောက်ခံသွားမည်မဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ ဆေးပညာမောင်နှမများနည်းတူ  Civil Disobedience Campaign တွင်ရပ်တည်သွားမှာ ဖြစ်ကြောင်းလည်း ကြေညာချက်ထုတ်ထားသည်။ 

အဆိုပါ ကမ်ပိန်းလုပ်ရှားမှုကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ၊ လက်ထောက် ဆရာဝန်များ ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း( ၂၀၀) နီးပါးမှ ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဘောလခဲမြို့ ပြည်သူ့ဆေးရုံကြီး မှ ဆရာဝန်၊ သူနာပြုများ ကျန်းမာရေးဝန်ထမ်းများပါ ဘောလခဲမြို့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

Tachileik News Agency

ဆန်းဖြိုးထွန်းသည် Tachileik News Agency ၏ ကယားပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်ဖြစ်သည်။