ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီတပ်ထောက်ပို့ယာဉ်တန်းမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီတပ်ထောက်ပို့ယာဉ်တန်းမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ထွက်လာသည့် စစ်ကောင်စီတပ်၏ ထောက်ပို့ယာဉ်တန်းကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့က မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ (၆)ဦးသေ၊ (၂)ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိသည်ဟု သိရသည်။

အဆိုပါယာဉ်တန်းကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) တပ်ခွဲ ၄ (မိုင်းတပ်ခွဲ) မှ ရဲဘော်များက ချောင်းဦးမြို့နှင့် ခင်မွန်ကျေးရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်၏ကား (၁) စီး ပျက်စီးရပ်တန့်သွားခဲ့ရာ စစ်ကောင်စီကား နောက်တစ်စီးက ရပ်တန့်ကူညီခဲ့ကြောင်း သိရသည်။

အဆိုပါကားနှစ်စီးကို ချောင်းဦးမြို့နယ် ပကဖ အင်အားစုဖွဲ့ရေးနှင့် လေ့ကျင့်ရေးတာဝန်ခံဦးစီး အင်အား ၄ ဦးနှင့် CHUPDF တပ်ခွဲ (၁)၊ တပ်ခွဲ (၄) ပူးပေါင်းအဖွဲတို့က ဝင်ရောက်တိုက်ခိုက်ရာ  စစ်ကောင်စီတပ်မှ (၆)ဦးသေဆုံးပြီး နောက်ထပ် (၂)ဦးကို ဒဏ်ရာဖြင့် ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖမ်းမိသူ (၂)ဦးအနက် (၁)ဦးမှာ လမ်းတွင် သေဆုံးသွားပြီး ကျန် (၁)ဦးမှာ စခန်းတွင် ဆေးကုပေးစဉ် ထပ်မံသေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ  BA-72(G1) ၁လက်၊ MA-3 ၁လက်၊ BA-94(Uzhi) ၁လက်၊ 7.62(ကပစ) ၂၀  တောင့်၊ 5.56(ကပစ) ၂၆တောင့်၊ 9mm(ကပစ) ၁၅တောင့်၊ ဓားမြှောင် ၁လက်၊ Mytel Keypad ၁လုံး၊ walkitalki (ဆက်သွယ်ရေးစကားပြောစက်) ၁လုံးတို့ကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။