လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်သပိတ် ဖြိုခွဲစဥ်က ဖမ်းဆီးခံရသည့် အမျိုးသမီး (၆) ဦးအား ပုဒ်မ ၅၀၅-က ဖြင့် စွဲချက်တင် 

လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်သပိတ် ဖြိုခွဲစဥ်က ဖမ်းဆီးခံရသည့် အမျိုးသမီး (၆) ဦးအား ပုဒ်မ ၅၀၅-က ဖြင့် စွဲချက်တင် 
မေ 14, 2021 | ကယား

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်သပိတ်အား ၂၀၂၁ ခုနှစ်၊ မေလ (၁၂) ရက်နေ့က  အာဏာသိမ်းအဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဖမ်းဆီးခံရသည့် အမျိုးသမီး (၆) ဦးအား မေလ (၁၄) ရက်နေ့တွင် လွိုင်ကော်မြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅(က)ဖြင့် စွဲချက်တင်လိုက်ကြောင်း သိရသည်။ 

" သူတို့ ပုဒ်မ ၅၀၅ နဲ့ ဒီနေ့ညနေမှာ ရုံးထုတ်ပြီး စွဲချက်တင်လိုက်တယ်လို့ သိရတယ်။ မိသားစုဝင်တွေကို ပေးမတွေ့ဘူး ။ အဝေးကပဲ လှမ်းကြည့်ရတာပေါ့ ။ အားလုံးကို သံကြိုးတွေနဲ့ ခတ်ထားတာတွေ့တယ်။ နောက်ရုံးချိန်းတွေမှ ပေးတွေ့မယ်တော့ပြောတယ်။" ဟု  တရားရုံး ရုံးထုတ်သွားခဲ့သည့် ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောသည်။

လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်သပိတ်အား အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် ရဲအဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုအတွင်း ပြည်သူ (၁၄)ဦးအား ဖမ်းဆီးသွားခဲ့ပြီး မေလ (၁၃) ရက်နေ့ ညပိုင်းတွင် (၈) ဦးကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ကျန်ရှိခဲ့သည့် အမျိုးသမီး (၆) ဦးကို မေလ (၁၄) ရက်နေ့ ညနေပိုင်းတွင် လွိုင်ကော်မြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅(က)ဖြင့် စွဲချက်တင်ကာ ရမန်ယူခဲ့ပြီး ရုံးချိန်းအား လာမည့် မေလ (၂၆) ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်းသိရသည်။ 

ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက တရားရုံးထုတ်ရာသို့ သွားရောက်ခဲ့ကြသော်လည်း တရားစွဲဆိုဖမ်းဆီးခံထားရသူများ နှင့်တွေ့ခွင့်မပေးခဲ့ဘဲ လွိုင်ကော်အကျဥ်းထောင်သို့ ပို့ဆောင်လိုက်သည်ဟု သိရသည်။

နာနတ်တော ရပ်ကွက်သပိတ်အား ဝင်ရောက်ပစ်ခတ်ဖမ်းဆီးမှုအတွင်း ဖမ်းဆီးခံရသူများအား ပြန်လွှတ်ပေးရေးအတွက်  ရပ်ကွက်လူထုက လိုက်လံတောင်းဆိုခဲ့ကြရာ အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက ကျည်အစစ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြသည်။



ဓာတ်ပုံ - နွေဦးရောင်နီ