ကရင်နီပြည်နယ်တွင်း ယနေ့တိုက်ပွဲများတွင် အာဏာသိမ်းတပ်ဘက်က (၇)ဦး သေပြီး ကရင်နီတပ်မတော်မှ (၁)ဦး ကျဆုံး

ကရင်နီပြည်နယ်တွင်း ယနေ့တိုက်ပွဲများတွင် အာဏာသိမ်းတပ်ဘက်က (၇)ဦး သေပြီး ကရင်နီတပ်မတော်မှ (၁)ဦး ကျဆုံး
ဒီဇင်ဘာ 16, 2021 | ကယား

ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်တို့တွင် ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့က အာဏာသိမ်းစစ်တပ်နှင့် KA၊ KNDF တို့ကြား တိုက်ပွဲများအတွင်း အာဏာသိမ်းတပ်ဘက်မှ (၇) ဦးသေကာ ကရင်နီတပ်မတော်မှ ရဲဘော် (၁) ဦးကျဆုံးသည်ဟု သိရသည်။

ဒီးမော့ဆိုမြို့နယ်၊ (၆)မိုင်ကျေးရွာအုပ်စု၊ ဝပ်လထွားကျေးရွာအတွင်း ကင်းပုန်းစောင့်နေသော အာဏာသိမ်းစစ်ကောင်စီတပ်ကို   ယနေ့ နံနက် (၁၀)နာရီကျော်၌  ကရင်နီတပ်မတော် (KA) နှင့် KNDF တို့က တိုက်ခိုက်ခဲ့ရာ မိနစ် (၂၀) ကြာ တိုက်ပွဲအတွင်း အာဏာသိမ်းတပ်ဘက်မှ (၄) ဦးသေ၊ (၅) ဦးဒဏ်ရာရသွားပြီး KA၊ KNDF မှ ရဲဘော် (၂) ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်သည် ရပ်ကွက်များအတွင်း လူနေအိမ်များ၌ အရပ်ဝတ်များဖြင့် ပုန်းခိုနေကြကြောင်း သိရသည်။

 အလားတူ လွိုင်ကော်မြို့နယ်တွင်လည်း နံနက် (၉)နာရီဝန်းကျင်က လွိုင်လင်လေးအရှေ့ဘက်၊ ကနန်းကွယ်ရွာနှင့် ရေကန်ရွာအကြားတွင် စစ်ကြောင်းထိုးလာသော အာဏာသိမ်းစစ်တပ်ကို KA၊ KND ပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက်ရာ တိုက်ပွဲချိန် (၃)နာရီခွဲဝန်းကျင်အတွင်း အာဏာသိမ်းတပ်မှ (၃)ဦးသေ၊ (၄) ဦး ဒဏ်ရာရကာ ကရင်နီတပ်မတော်မှ (၁) ဦးကျဆုံးသည်ဟု သိရသည်။

တိုက်ပွဲများအတွင်း အာဏာသိမ်းတပ်က လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။