မိုးဗြဲရှိ လွယ်ဝိုင်းစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲ ၍ လက်နက်ကြီးနှင့်ပစ်သဖြင့် နေအိမ်နှစ်လုံးပျက်စီးပြီး ဒေသခံတစ်ဦးဒဏ်ရာရ

မိုးဗြဲရှိ လွယ်ဝိုင်းစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲ ၍ လက်နက်ကြီးနှင့်ပစ်သဖြင့် နေအိမ်နှစ်လုံးပျက်စီးပြီး ဒေသခံတစ်ဦးဒဏ်ရာရ
By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ်၊ မိုးဗြဲရှိ လွယ်ဝိုင်းစစ်ဘေးရှောင်စခန်းကို အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်၊ မေလ( ၂၃ )ရက်နေ့၊ညပိုင်းက ဗုံးကြဲ၍ လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင်တစ်ဦး ဒဏ်ရာရပြီး နေအိမ်နှစ်လုံးပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ည ( ၉ )နာရီခွဲကျော်တွင် စစ်ရှောင်များနေထိုင်ရာ လွယ်ဝိုင်းစစ်ဘေးရှောင်စခန်းကို တိုက်လေယာဉ်ဖြင့် ( ၂ ) ကြိမ်ဗုံးကြဲချခဲ့ပြီးနောက် မိုးဗြဲမြို့ အခြေစိုက် ခလရ( ၄၂၂ )တပ်မှ လက်နက်ကြီး ( ၅ )လုံးဖြင့်ပစ်ခတ်ခဲ့ရာ လွယ်ဝိုင်းစစ်ဘေးရှောင်စခန်းကို ကျရောက်ပြီး စစ်ရှောင်တစ်ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။

လေယာဉ်နှစ်ကြိမ် လာကြဲတဲ့အချိန်မှာ အိမ်( ၂ )လုံးပျက်စီးပြီးပြည်သူထိခိုက်မှုရှိပါဘူး။ တဆက်တည်းမှာပဲ လက်နက်ကြီး ( ၅ ) လုံးဆက်တိုက်ထုတာ ပြည်သူတစ်ဦးအသေးစားဒဏ်ရာရပါတယ်။

ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ ကျွဲချိုထောက်ပိုတပ်ဖွဲမှ တာဝန် ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

မေလ( ၂၂ )ရက်နေ့၊ ညနေပိုင်းကလည်း လမ်းပေါ်တွင် ဖြတ်သန်းလာသော ကုန်တင်ယာဥ်တစ်စီးကို မိုးဗြဲစက်တော်ရာတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ ယာဥ်နောက် လိုက်သေဆုံးပြီး ယာဥ်မောင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်) ဖယ်ခုံမြိုနယ်နှင့် ကရင်နီတွင် စစ်ဘေးရှောင်ရှိရာနေရာများ၊ ဆေးရုံများကို မကြာခဏ ဦးတည်တိုက်ခိုက်နေသဖြင့် ပြည်သူများ လေယာဥ်သံကြားလျှင် ဗုံးခိုကျင်းသို အမြန်ဆုံးဝင်ပုန်းပေးကြရန်လည်း မိုးဗြဲ PDF က မေတ္တာရပ်ခံထားသည်။