တပ်က ခေတ္တ ထိန်းသိမ်းထားသည့် ရှမ်းပြည်နယ်အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးယာကုပ် နေအိမ် ပြန်ရောက်

တပ်က ခေတ္တ ထိန်းသိမ်းထားသည့် ရှမ်းပြည်နယ်အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးယာကုပ် နေအိမ် ပြန်ရောက်
ဖေဖော်ဝါရီ 2, 2021 | နိုင်ငံရေး| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တပ်ကဖမ်းဆီးထိန်းသိမ်းထားသည့် အာခါတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်( ရှမ်းပြည်နယ်အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)ဦးယာကုပ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂) ရက်နေ့ ညနေပိုင်း၌ ပြန်လွှတ်လိုက်ပြီဖြစ်သော်လည်း ခရိုင်ပါတီအတွင်းရေးမှူး ဦးရဲနီထွန်းကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

“အိမ်ကိုတော့ မရောက်သေးပါဘူး။ လမ်းမှာလာနေပြီလို့တော့ သိရပါတယ်”ဟု အာခါတိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ဦးယာကုပ်၏ မိသားစုထံမှ ညနေ (၅)နာရီခွဲအချိန်တွင် သိရသည်။

 

တာချီလိတ်မြို့ရှိ နေအိမ်အသီးသီးမှ NLD ပါတီ၏ ကိုယ်စားလှယ်များ၊ ပါတီတာဝန်ရှိသူ စုစုပေါင်း (၅)ဦးကို တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့ နံနက်အစောပိုင်းကတည်း ဖမ်းဆီးခေါ်ဆောင် ထိန်းသိမ်းထားခဲ့ပြီး ယင်းနေ့မှာပင် (၃)ဦးကို ပြန်လွှတ်ပေးခဲ့ကာ ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် (၁)ဦး ပြန်လွှတ်ပေးခြင်းဖြစ်သည်။

တာချီလိတ်ခရိုင် NLD ဥက္ကဌ ဦးဌေးဝင်း၊ တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၁)မှ ရွေးကောက်ခံ ကိုယ်စားလှယ် ဦးစိုင်းဆိုင်တွီနှင့် မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာ ယားဘိုရှီးတို့ကို တပ်ကဖမ်းဆီးသည့်နေ့ ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ယင်းနောက် ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် ရှမ်းပြည်နယ် အာခါတိုင်းရင်းသား လူမျိုးရေးရာကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသည့် ဦးယာကုပ်အား လွှတ်ပေးလိုက်သော်လည်း တာချီလိတ်ခရိုင် NLD အတွင်းရေးမှူး ဦးရဲနီထွန်းမှာ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။



Tachileik News Agency

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။