တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားအချို့ ကိုယ်တိုင် ထိုင်ဘတ်ငွေအတုများ ကိုင်ဆောင်ပြီး သုံးစွဲနေ၍ ထိုင်းငွေစက္ကူ (၁၀၀၀)တန် အတုများ ပိုမိုပြန့်နှံ့နေ

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားအချို့ ကိုယ်တိုင် ထိုင်ဘတ်ငွေအတုများ ကိုင်ဆောင်ပြီး သုံးစွဲနေ၍ ထိုင်းငွေစက္ကူ (၁၀၀၀)တန် အတုများ ပိုမိုပြန့်နှံ့နေ
နိုဝင်ဘာ 11, 2022 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ထိုင်းဘတ်ငွေ (၁၀၀၀)တန် စက္ကူအတုများ ပြန်နှံ့သုံးစွဲနေလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

ထိုင်းဘတ်ငွေကိုသာ အဓိက အားထား အသုံးပြုနေရသည့် တာချီလိတ်မြို့တွင် ဈေးသည်များမှာ ထိုင်းဘတ်ငွေ (၁၀၀၀)တန် အတုများကို မကြာခဏ လက်ခံရရှိနေပြီး အစစ်ဟု ထင်၍ လက်ခံထားမိရာမှ အတုဖြစ်နေကြောင်း သိရကြောင်း သိရသည်။

အတု

ထိုင်းဘတ်ငွေ အတု လက်ခံရရှိမှုအနေဖြင့် ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့ ညနေက ဈေးသည်တစ်ဦးထံ ထိုင်းနိုင်ငံသား (၂)ဦး ရောက်ရှိလာပြီး ထိုင်းဘတ်ငွေ (၁၀၀၀)တန်အတုဖြင့် ဘတ်(၁၀၀)ဖိုး ဈေးလာဝယ်ပြီးနောက် မသင်္ကာ၍ ငွေကို စစ်ကြည့်ရာမှ အတုဖြစ်နေကြောင်း နောက်ကျသွားမှ သိရကြောင်း သိရသည်။

အလားတူ ထိုင်းနိုင်ငံသား (၂)ဦးသည် ပြီးခဲ့သည့် ရက်ကလည်း အခြားဆိုင်တွင် ငွေစက္ကူအတုဖြင့် ဈေးဝယ်သည်ဟုလည်း သိရသည်။

ထိုင်းဘတ်ငွေ အတု လက်ခံရရှိသူများမှာ များသောအားဖြင့် နေ့ပိုင်း လမ်းဘေးတွင် တွန်းလှည်းဖြင့် ဈေးရောင်သည့် ဈေးသည်များ နှင့် ညပိုင်း ကုန်စုံဆိုင် နှင့် ဈေးဆိုင်များက လက်ခံရရှိလေ့ရှိကြောင်း သိရသည်။

 

အတု

ထိုင်းဘတ်ငွေ အတု အစစ်ကို အလွယ်ကူဆုံးအနေဖြင့် သိရှိနိုင်ရန် ငွေစက္ကူကို ထောက်ကြည့်ပြီး ထိုင်းအက္ခရာဖြင့် ၁၀၀၀ ဂဏန်းရေးထားသည့် အပေါ်ဖက် အဖြူကွက်တွင် ထိုင်းဘုရင် ပုံ ရေစာဖြင့် ပေါ်နေပါက အစစ်ဟု သတ်မှတ်နိုင်ပြီး မပေါ်ပါက အတုဟု သတ်မှတ်နိုင်သည့်အပြင် ငွေစက္ကူအတု နှင့် အစစ်မှာလည်း ကိုင်ပြီး ပွတ်ကြည့်ပါက သိသာသည်ဟု စမ်းသပ်ဖူးသူများက ဆိုသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ငွေကြေးအတုအစစ် ပြသနာများနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (စစစ)မှာ တာဝန်ရှိသော်လည်း ယနေ့အချိန်အထိ အဆိုပါ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိ၍ ငွေစက္ကူအတုများကို လက်ခံရရှိနေသည့် ဒေသခံများအပြင် ဒေသခံမဟုတ်သည့် အခြားနယ်များက လာရောက်ကာ အလုပ် လုပ်ကိုင်ကြသူများအတွက် နစ်နာမှုများ ဖြစ်စေသည်ဟုလည်း သိရသည်။