တပ်မတော်က အာဏာသိမ်းသည့်နေ့တွင် ရှမ်းမြောက် မန္တလေး - မူဆယ်လမ်းပိုင်း ယာယီပိတ်လိုက်စဉ် ဒေသတွင်း ကုန်ဈေးနှုန်းအနည်းငယ်မြင့် တက်သွား

တပ်မတော်က အာဏာသိမ်းသည့်နေ့တွင် ရှမ်းမြောက် မန္တလေး - မူဆယ်လမ်းပိုင်း ယာယီပိတ်လိုက်စဉ် ဒေသတွင်း ကုန်ဈေးနှုန်းအနည်းငယ်မြင့် တက်သွား
ဖေဖော်ဝါရီ 2, 2021 | ရှမ်းမြောက်

မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့ကစ၍ ပိတ်ထားသော ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီး၏ မန္တလေး-မူဆယ်လမ်းပိုင်းကို ဖေဖေါ်ဝါရီလ (၂) ရက်နေ့ နံနက်ပိုင်းတွင် ပြန်ဖွင့်ပေးခဲ့သော်လည်း ဒေသတွင်း စားသောက်ကုန်အချို့ ဈေးနှုန်းအနည်းငယ် မြင့်တက်သွားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချို - ကျောက်မဲ - သီပေါ - လားရှိုး - မူဆယ်လမ်းပိုင်းမှ တိုးဂိတ်များမှ မော်တော်ယာဉ်များ ဖြတ်သန်းခွင့်ကို လုံးဝပိတ်လိုက်ရာမှ ဖေဖေါ်ဝါရီလ (၂) ရက်နေ့၊ နံနက် (၉) နာရီ (၂၀) မိနစ် ဝန်းကျင်တွင် ပြန်လည်ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။

စစချင်းပိတ်တဲ့နေ့ကတော့ သီပေါက ကုန်စုံဆိုင်တစ်ချို့က ဈေးနှုန်းတွေ နည်းနည်းတိုးလိုက်တယ်။ ဥပမာ ခါတိုင်း (၅၀၀) တန်တဲ့ဟာကို (၆၀၀) နဲ့ ရောင်းတာမျိုးပေါ့။ ကျောက်မဲ၊ လားရှိုးဘက်မှာလည်း ကုန်စည်အဝင်အထွက် မရှိတော့ ဒေသထွက် အသီးအနှံတွေကလွဲရင် ကျန်တဲ့ကုန်တွေက ဈေးနည်းနည်းစီ တက်တယ်။ ဒီနေ့ လမ်းပြန်ပွင့်သွားပြီးတဲ့ထိ ဈေးမကျသေးဘူး

ဟု သီပေါမြို့ရှိ ကုန်သည်ဒိုင်ပိုင်ရှင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လမ်းပိုင်းရှိ တိုးဂိတ်များကို တပ်က ရုတ်တရက် ဖြတ်သန်းခွင့်ပိတ်ပင်လိုက်သည့် ကာလအတွင်း နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့တို့တွင် ယာဉ်အစီးရေ (၄၅၀) ခန့် ပိတ်မိနေခဲ့ခြင်းဖြစ်သည်။

 

Tachileik News Agency

သတင်း - နေဖြိုးမြင့်

 

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...