တပ်က အရပ်သားအစိုးရထံမှ အာဏာသိမ်းခြင်းကို ကန့်ကွက်ကြောင်း RCSS ထုတ်ပြန်

တပ်က အရပ်သားအစိုးရထံမှ အာဏာသိမ်းခြင်းကို ကန့်ကွက်ကြောင်း RCSS ထုတ်ပြန်
ဖေဖော်ဝါရီ 1, 2021 | နိုင်ငံရေး
By Tachileik News Agency

မြန်မာ့တပ်မတော်က ဒီမိုကရေစီအရပ်သားအစိုးရထံမှ အာဏာသိမ်းယူပြီး အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းမှာ ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေ၍ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ကန့်ကွက်သည်ဟု ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ထုတ်ပြန်သည်။



အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်အကောင်အထည်ဖေါ်နေသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စွဲရေး သဘောတူစာချုပ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် တပ်မတော်က အာဏာသိမ်းခြင်းကြောင်း ရပ်ဆိုင်းသွားနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။



RCSS အနေဖြင့် ဖက်ဒရယ်နှင့် ဒီမိုကရေစီအတွက် ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူတကွ ရပ်တည်၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဖေါ်ပြထားပြီး နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက တွေ့ဆုံဆွေးနွေးညှိနှိုင်းကာ ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်းထားသည်။



သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးနေသည့် အဖွဲ့အစည်းဖြစ်သည်။