တာချီလိတ်မြို့တွင် ကျပ်သန်းပေါင်း (၄၇၉)သန်းကျော် တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးများ ဖမ်းမိ

တာချီလိတ်မြို့တွင် ကျပ်သန်းပေါင်း (၄၇၉)သန်းကျော် တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးများ ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်အတွင်း ဝမ်ကျောက်လုံကျေးရွာအနီးတွင် မူးယစ်ဆေးဝါးသတင်းအရဟုဆိုကာ ကျပ်သန်းပေါင်း (၄၈၀)နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု ဝမ်ကျောက်လုံကျေးရွာအနီးတွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်အချိန်က မူးယစ်ဆေးဝါးသတင်းအရဟုဆိုကာ သတင်းရထားသည့် Crown မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာက ယာဉ်ပေါ်တွင်  စိုင်းဆိုင်လောင်၊ စိုင်းညီညီလင်း(ခ)စိုင်းဉာဏ်လင်း နှင့် မနန်းယွန်းသီရိအောင်(ခ) ယွန်းယွန်းတို့ (၃)ဦးကို တွေ့ရှိရကြောင်း သိရသည်။

ယာဉ်အတွင်း ဆက်လက်ရှာဖွေရာ အိုက်စ် ice ( Methamphetamine ) ကီလို(၅၀)ကို သိမ်းဆည်းရမိပြီး ဆက်လက်စစ်ဆေးချက်အရ မယ်ယန်းကျေးရွာအတွင်း  စိုင်းဆိုင်လောင် ငှားရမ်းနေထိုင်သည့် နေအိမ်တွင် ရှာဖွေရာ အိုက်စ် ice ( Methamphetamine )  (၉.၉၅)ကီလို ထပ်မံသိမ်းဆည်းရမိကြောင်း သိရသည်။

အိုက်စ် ice ( Methamphetamine ) စုစုပေါင်း (၅၉.၉၅)ကီလို၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်သန်းပေါင်း (၄၇၉)သန်းကျော် တန်ဖိုးရှိကြောင်းနှင့် ၎င်းတို့ (၃)ဦးအား စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

အလားတူ တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၂၁)ရက်နေ့  နံနက်ပိုင်းလည်း လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း အမျိုးသား(၄)ဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁)သိန်း ဖမ်းမိကြောင်းလည်း သိရသည်။

တာချီလိတ်မြို့သို့ နိုဝင်ဘာလ၏ တတိယပတ်အတွင်းက မှူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူးချူပ်ဝင်းနိုင် ရောက်ရှိလာပြီးနောက် နိုဝင်ဘာလ(၂၁)ရက်နေ့ တစ်နေ့တည်း အိုက်စ် ice ( Methamphetamine ) စုစုပေါင်း (၅၉.၉၅)ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၁)သိန်း ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း

တာချီလိတ်မြို့နယ်အတွင်း လွယ်တော်ခမ်းတွင် စိတ်ကြွရူးသွပ်ဆေး တစ်သိန်း ဖမ်းမိ