တာချီလိတ်တွင် ညမထွက် အမိန့်ချိုးဖောက်သူ (၁၅)ဦးမြောက်အဖြစ် မေလ(၄)ရက်နေ့ ညက (၁)ဦး ဖမ်းမိ

တာချီလိတ်တွင် ညမထွက် အမိန့်ချိုးဖောက်သူ (၁၅)ဦးမြောက်အဖြစ် မေလ(၄)ရက်နေ့ ညက (၁)ဦး ဖမ်းမိ
မေ 5, 2020
By Tachileik News Agency
တာချီလိတ်တွင် ညမထွက် အမိန့်ချိုးဖောက်သူ (၁၅)ဦးမြောက်အဖြစ် မေလ(၄)ရက်နေ့ ညက (၁)ဦး ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မေလ (၄) ရက်နေ့ ညပိုင်းက ညမထွက်ရအမိန့် ချိုးဖေါက်သူ (၁) ဦးကို ထပ်မံဖမ်းဆီးလိုက်သဖြင့် အမိန့်ချိုးဖေါက်၍ ထောင်ဒဏ် (၃) လချမှတ်ခံရသူ စုစုပေါင်း (၁၅)ဦး ရှိလာပြီဖြစ်သည်။

“ မနေ့က ဝိန်းကျောက်ဘက်မှာ (၁) ယောက်ဖမ်းမိတယ် ”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

တာချီလိတ်မြို့နယ်၌ ညမထွက်ရအမိန့် စတင်ချမှတ်သည့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့မှစ၍ ရပ်ကွက်များအလိုက် ကင်းလှည့်စစ်ဆေးခြင်း၊ ကြီးကြပ်ရေးအဖွဲ့များက လှည့်လှည်စစ်ဆေးခြင်းများကို လုပ်ဆောင်နေသည့်အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကလည်း ရပ်ကွက်များအလိုက် နေ့စဉ် အသိပေးဆော်သြခြင်းကို လုပ်ဆောင်နေသည်ဟု သိရသည်။

“ကျွန်တော်တို့ ရပ်ကွက် ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေက နေ့တိုင်းရပ်ကွက်ထဲကို လော်စပီကာ နဲ့ နေ့တိုင်း နေ့တိုင်း လိုက်အော်ပေးတယ်။ သူတို့မေ့မှာ စိုးလို့လေ။ ကလေးတွေလည်း ဒီနောက်ပိုင်းတော့ သိပ်မထွက်တော့ပါဘူး။ ဟိုတစ်နေ့ကတော့ ယိုးဒယားတစ်ယောက်တော့ ဒီဘက်မှာမိတယ်။ သူက ပြောင်းဖူးဝယ်တဲ့ မန်နေဂျာလို့ပြောတယ်” ဟု ဆေးခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျုံက ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ အရန်မီးသတ်တပ်ဖွဲ့အင်အားများဖြင့် ရပ်ကွက်အတွင်း လှည့်လည်စစ်ဆေးခြင်းများ လုပ်ဆောင်နေကြရာ ည(၁၀)နာရီထိုးပြီးနောက်ပိုင်း လမ်းပေါ်ထွက်လာသူများအား ကနဦးတွင် သတိပေးခြင်းကို လုပ်ဆောင်ပြီး ထပ်မံလိုက်နာခြင်းမရှိပါက ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ရပ်ကွက်ကလူတွေက လိုက်နာပါတယ်။ တခြားကလူတွေတော့ လမ်းမှာ တွေ့ရတယ်။ ကျွန်တော့်ရပ်ကွက်ရုံးမှာ ခေါ်ပြီးသတိပေးထားတာ (၅)ယောက်ရှိပြီ။ မနေ့က (၂)ယောက်၊ ဒီနေ့က (၃)ယောက်”ဟု ပါဆတ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကာဝင်းက ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း ညမထွက်ရအမိန့် စတင်သက်ဝင်ချိန်မှစ၍ လှည့်ကင်းများဖြင့် စစ်ဆေးနေရာ ဧပြီလ (၂၂)ရက်နေ့ ညပိုင်းက အမျိုးသား (၄)ဦး၊ ဧပြီလ (၂၃)ရက်နေ့က အမျိုးသား (၄) ဦး၊ ဧပြီလ(၂၈)ရက်နေ့က ထိုင်းနိုင်ငံသား အမျိုးသား (၁)ဦး၊ မေလ (၁)ရက်နေ့က အမျိုးသား (၂)ဦး၊ မေလ (၂)ရက်နေ့က အမျိုးသား (၂)ဦး၊ မေလ (၃)ရက်နေ့က အမျိုးသား (၁)ဦးနှင့် မေလ (၄)ရက်နေ့က အမျိုးသား (၁)ဦး စုစုပေါင်း (၁၅)ဦးတို့ကို အသီးသီးဖမ်းဆီးရမိပြီး ပုဒ်မ (၁၈၈)အရ ထောင်ဒဏ် (၃)လစီ ပြစ်ဒဏ်ချမှတ်ထားခြင်းဖြစ်သည်။

“ကျွန်တော်တို့တော့ ပြည်သူလူထုကို လိုက်နာစေချင်တာပေါ့နော်။ ဒေသန္တရအမိန့်ထုတ်တာလည်း ကြာပြီ။ တစ်ချို့ကလည်း အခုထိ မသိကြသေးတာကိုလည်း နည်းနည်းပါးပါး ကြုံရတာပေါ့နော်။ ပြည်သူတွေလည်း လိုက်နာပေးပါ။ ကျွန်တော်တို့လည်း ညတိုင်းစောင့်နေရတာ စာနာမှုလေးရှိပေးပါပေါ့နော်။ ကျွန်တော်တို့လည်း ဒီရပ်ကွက် ရောဂါကင်းဖို့အတွက် ဖြစ်နိုင်တဲ့နည်းနဲ့ ကူညီဆောင်ရွက်ပေးနေတာပေါ့နော်။ အားနာခြင်းကိစ္စနဲ့ ကိုယ်ချင်းစာနာမှုတရားနဲ့ အပြင်မထွက်ကြပါနဲ့။ စည်းကမ်းလိုက်နာကြပါလို့ ပြောချင်ပါတယ်”ဟု ဝိန်းကျောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းစိုင်းက ပြောသည်။

တာလေနှင့် ကျိုင်းလပ်အပါအဝင် တာချီလိတ်မြို့နယ်အတွင်း ဧပြီလ (၂၀)ရက်နေ့မှ ၂၀၂၀ခုနှစ် ဇွန်လ (၂၂) ရက်နေ့အထိ ည (၁၀) နာရီမှ နံနက် (၄)နာရီအတွင်း အပြင်မထွက်ရန် အမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။
“ညမထွက်ရအမိန့်က ကာလရှည်ဖြစ်တော့ ရပ်ကွက်လှည့်ကင်းအဖွဲ့ကို အလှည့်ကျနဲ့ ခွဲထားရတယ်။ တစ်ညကို (၁၂)ယောက်၊ (၁၃)ယောက်စီနဲ့ ခွဲထားရတယ်” ဟု မယ်ခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းအွတ်က ပြောသည်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကာလအတွင်း COVID 19 ကာကွယ်ရေးအတွက် တာဝန်ပေးထားသူများ၊ လူနာနှင့် ကုန်တင်ယာဉ်များမှလွဲ၍ ည (၁၀)နာရီမှ နံနက် (၄)နာရီအတွင်း အပြင်ထွက် သွားလာခွင့်မရှိကြောင်းနှင့် ချိုးဖေါက်သူများကို ပုဒ်မ ၁၈၈ ဖြင့် ခြွင်းချက်မရှိ အရေးယူမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက သတိပေးထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း -  ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~