တာချီလိတ်မြို့တွင် အသွားအလာကန့်သတ်ထားသည့် လမ်းလုပ်သားအဖွဲ့မှ Covid-19 ပိုးတွေ့သူတစ်ဦး ထပ်တိုး

တာချီလိတ်မြို့တွင် အသွားအလာကန့်သတ်ထားသည့် လမ်းလုပ်သားအဖွဲ့မှ Covid-19 ပိုးတွေ့သူတစ်ဦး ထပ်တိုး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လမ်းလုပ်ငန်းဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီးမှလာ၍ အသွားအလာကန့်သတ်ထားသည့်အဖွဲ့မှ နောက်ထပ်အမျိုးသား (၁) ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့ ညနေပိုင်း၌ ဓာတ်ခွဲအဖြေထပ်မံရရှိသည်။

အဆိုပါ လမ်းလုပ်သားအဖွဲ့မှ (၁)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ဇန်နဝါရီလ (၂၉ )ရက်နေ့ နံနက်ပိုင်းက ဓာတ်ခွဲအဖြေရထားပြီး ညနေပိုင်းတွင် (၁)ဦးထပ်မံတွေ့ရခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း လမ်းလုပ်ငန်းဆောင်ရွက်မည့် (၄၃) ဦးအဖွဲ့အား မိုင်းဖုန်း (က) ကျေးရွာအုပ်စု၊ ဝမ်ပုံတွင် အသွားအလာကန့်သတ်၍ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် RDT ဖြင့် စစ်ဆေးပြီး ဇန်နဝါရီလ (၂၇) ရက်နေ့၌ ဓာတ်ခွဲနမူနာ တောင်ကြီးပို့၍ PCR ဖြင့် စစ်ဆေးရာ (၂) ဦးတွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဇန်နဝါရီလ (၂၈) ရက်နေ့ကလည်း မန္တလေးမြို့မှ လေကြောင်းခရီးဖြင့်လာ၍ ဟိုတယ် quararntine ထားသည့် အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦးတို့တွင် COVID 19 ပိုးတွေ့ရသဖြင့် ကိုဗစ်ကုသဆောင်တွင် အတည်ပြုလူနာ (၄)ဦး ရှိလာပြီဖြစ်သည်။

တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့အထိ အတည်ပြုလူနာ (၁၁၄)ဦးတွေ့ရသည့်အနက် အတည်ပြုလူနာ (၄) ဦးသာ ကုသမှုခံယူရန်ရှိမည်ဖြစ်ပြီး ကျန်လူနာအားလုံး ဆေးရုံဆင်းသွားနိုင်ပြီဖြစ်သည်။

Tachileik News Agency

 

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။