လုံခြုံရေး အခြေအနေအရ မိုင်းလား အဝင်အထွက် နေရာများကို ယာယီကန့်သတ်

လုံခြုံရေး အခြေအနေအရ မိုင်းလား အဝင်အထွက် နေရာများကို ယာယီကန့်သတ်
နိုဝင်ဘာ 2, 2023 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ (၄) မိုင်းလားဒေသသို့ ဝင်ရောက် ထွက်ခွာခြင်းနှင့်ပတ်သက်ပြီး လက်ရှိ အခြေအနေများအရ  အဝင်အထွက်ဂိတ်နေရာများကို အဝင်နှင့်အထွက် ယာယီသီးခြား သတ်မှတ်လိုက်ကြောင်း သိရသည်။

မိုင်းလား အဝင်အထွက် ဂိတ်နေရာများတွင် အဝင် အထွက် ယာယီကန့်သတ်ခြင်းအဖြစ်  ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က စတင်သတ်မှတ်လိုက်ပြီး ယခုလို သတ်မှတ်ထားမည့် ကာလကိုတော့ မည်သည့်နေ့ရက်အထိ သတ်မှတ်မည်ကို အသိပေးထားခြင်း မရှိသေးကြောင်း သိရသည်။

"မိုင်းလားကို လာချင်တဲ့လူတွေက  တာပင်းလမ်းတစ်ခုတည်းကပဲ လာလို့ရတော့မယ်။ ကျန်တဲ့လမ်းတွေကနေ လာလို့ မရတော့ဘူး။ မိုင်းလားကနေ ပြန်ထွက်ချင်သူတွေကတော့ မိုင်းယန်း(ဆီလူး)ထွက်ပေါက် တစ်ခုတည်းကပဲ ထွက်လို့ရတော့မယ်။ အခုက မိုင်းလား ဝင်ပေါက် ထွက်ပေါက်တွေကို လုံခြုံရေးအရ ပြန်ပြီး စိစစ်လိုက်တာမျိုး။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ဖြစ်ပွားနေသော ကိုးကန့်တပ်မတော် (MNDAA) , တအာင်းတပ်မတော် (TNLA) နှင့်  ရက္ခိုင့်တပ်တော် (AA)တို့ ပါဝင်သည့် ညီနောင်မဟာမိတ်အဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲအခြေအနေများကြောင့်  မိုင်းလားဒေသအတွင်း အဝင်းအထွက် ဂိတ်များကို  ယခုလို ယာယီသီးခြား ခေတ္တကန့်သတ်ထားခြင်းမှာ အဓိက အားဖြင့် မိုင်းလားဒေသတွင်းနေ ပြည်သူများ ဘေးကင်း လုံခြုံရေးအတွက် ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ (၄)၏ ငြိမ်းချမ်းရေး နှင့်စည်းလုံးရေးကော်မတီက ဘက်မလိုက်သည့် နိုင်ငံရေးရပ်တည်ချက်အတိုင်း ရပ်တည်ကျင့်သုံးပြီး မည်ကဲ့သို့သော လက်နက်ကိုင် ပဋိပက္ခမျိုးတွင်မဆို ပါဝင် စွက်ဖက်မည်မဟုတ်ကြောင်းလည်း  ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့က ထုတ်ပြန်ကြေညာထားသေးသည်။

ယင်းသို့ ထုတ်ပြန်ကြေညာပြီးနောက် ယနေ့ နိုဝင်ဘာလ(၂)ရက်နေ့တွင် အထူးဒေသ(၄)၏ တာဝန်ရှိသူများက မိုင်းလား အဝင်အထွက် ဂိတ်များကို လုံခြုံရေးအရ  အဝင် အထွက် ကန့်သတ်မှုများ ယာယီပြုလုပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။