ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ပထမ ဦးစားပေးအုပ်စုအတွက် ကိုဗစ်ကာကွယ်ဆေး အလုံးရေ (၂၀၀) ကျော်ရောက်ရှိ

ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ပထမ ဦးစားပေးအုပ်စုအတွက် ကိုဗစ်ကာကွယ်ဆေး အလုံးရေ (၂၀၀) ကျော်ရောက်ရှိ
ဇန်နဝါရီ 27, 2021 | Covid-19| ကယား

ကယားပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီး ပထမအသုတ်ကာကွယ်ဆေးထိုးနှံရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။



 အခု ပထမဆုံးရောက်တဲ့ ကာကွယ်ဆေးအသုတ်သည် ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး လက်အောက်မှာရှိတဲ့ ဆေးရုံမှာ အလုပ်လုပ်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ပြည်သူ့ကျန်းမာရေးဌာနမှာ လုပ်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ ပထမဆုံး ကျန်းမာရေးတွေကို ဦးစားပေးထိုးမယ်။ ထိုးတဲ့အခါ ဘယ်သူတွေ ပါမလဲဆိုရင်တော့ သူနာပြုသင်တန်းကျောင်း၊ FDA၊ တိုင်းရင်းဆေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အားကာသိပ္ပံ အဲဒီမှာ ရှိနေသူအားလုံး ဆရာတို့ လျာထားချက်က ပြည်နယ်အစိုးရရုံးက ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အဲဒါတွေကို ပထမသုတ်အနေနဲ့ ဆေးရောက်လာတယ်

ဟု  ကယားပြည်နယ် ကုသရေးနှင့်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင်က ပြောသည်။ 



ကယားပြည်နယ်အတွက် ပထမအသုတ်အနေဖြင့် Covid-19 ကာကွယ်ဆေး (၂၂၂) လုံးကို ဇန်နဝါရီလ (၂၇) ရက်နေ့တွင် မြန်မာ့လေကြောင်းဖြင့် ပို့ဆောင်ပေးလာခြင်းဖြစ်သည်။



ပထမဆုံးရောက်ရှိလာတဲ့ဆေးကို  ဆရာတို့  စာရင်းအရ လူ (၁၉၉၉) ဦးရှိပါတယ်။ ဒီထဲမှာ မထိုးရသေးတဲ့သူတွေ ဥပမာ ကိုယ်ဝန်ဆောင်တို့ ဘာတို့ကျတော့ နည်းနည်းလေး နောက်ကျမယ်။ စုစုပေါင်း ဆေးလုံးရေ (၂၂၂) လုံး ဖော့ဗူးတစ်ဗူး ဒီနေ့မနက် မြန်မာ့လေကြောင်းလိုင်းနဲ့ ရောက်ရှိလာပါတယ်

ဟု ဒေါက်တာဌေးလွင်က ပြောသည်။ 



လွိုင်ကော်ပြည်သူ့ဆေးရုံရှိ ဆရာဝန်နှင့် သူနာပြု (၂၀၀) ကျော်အား ယနေ့ထိုးနှံပေးခဲ့ပြီး ဇန်နဝါရီလ (၂၉) ရက်နှင့် (၃၀) ရက်များတွင်  သူနာပြုသင်တန်းကျောင်း၊ FDA၊ တိုင်းရင်းဆေးရုံရှိ ဆရာဝန်၊ ဆရာမများ၊  အားကာသိပ္ပံရှိ  စေတနာ့ဝန်ထမ်းလုပ်နေသည့် quarantine center မှ တာဝန်ရှိသူများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များအား  ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။



ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးအရေအတွက်ပေါ်မူတည်၍ ဦးစားပေးအဆင့်အလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ဇန်ဝါရီလ (၂၆) ရက်နေ့မှစ၍  ရပ်ကွက်များတွင်  ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်  လူဦးရေစာရင်း ကောက်ယူမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ 

Tachileik News Agency

သတင်း - ဆန်းဖြိုးထွန်း

ဆန်းဖြိုးထွန်းသည် Tachileik News Agency ၏ ကယားပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်ဖြစ်သည်။