လွိုင်ကော်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်မှ ညပိုင်း ပစ်ခတ်သော လက်နက်ကြီး ကျည်ထိမှန်၍ နေအိမ်တွင်း အိပ်နေသည့် လူငယ်တစ်ဦး သေဆုံး

လွိုင်ကော်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်မှ ညပိုင်း ပစ်ခတ်သော လက်နက်ကြီး ကျည်ထိမှန်၍ နေအိမ်တွင်း အိပ်နေသည့် လူငယ်တစ်ဦး သေဆုံး
ဇွန် 10, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် ဇွန်လ(၉)ရက်နေ့ ညပိုင်းက နမ့်ဘော်ဝမ်ရပ်ကွက်ရှိ လူနေအိမ်တစ်လုံးပေါ်သို့ အာဏာသိမ်းစစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့်   အသက်(၁၈)နှစ်အရွယ် လူငယ် တစ်ဦးသေဆုံးသွားကြောင်း သိရသည်။ 

လွိုင်ကော်မြို့တွင် ဇွန်လ (၉)ရက်နေ့ ည (၈)နာရီကျော် အချိန်ကစ၍ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီမှ လူနေအိမ်များရှိသည့် ရပ်ကွက်များအတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နမ့်ဘော်ဝမ် ရပ်ကွက် အတွင်းရှိ လူနေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျကာ နေအိမ်အတွင်း အိပ်နေသည့် အသက် (၁၈)နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

 ညဆိုတော့ ပစ်ခတ်သံတွေ ဆူညံနေတော့ ဘယ်သူမှ အပြင်မထွက်တော့ဘူးပေါ့။ ဒီမနက်မှ သိရတာ လက်နက်ကြီးထိတဲ့ အိမ်ရှိတယ်ပေါ့လေ။ သွားကြည့်တော့ တကယ်ကို ဆင်းရဲရှာတဲ့ မိသားစုလေးပါ။ အိမ်လေး ကငယ်တယ်။ အဲ့ အိမ်ငယ်လေးပေါ်ကို တည့်တည့်ကျလာတာပေါ့။ အိပ်နေတဲ့ ညီကိုနှစ်ယောက်ထဲက တစ်ယောက်ကတော့ ဆုံးတယ်။ တစ်ယောက်ကတော့ ဒဏ်ရာရတယ်။

ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းက ပြောသည်။ 

လွိုင်ကော်မြို့တွင် ဇွန်လ (၉)ရက်နေ့ ည(၈) နာရီကျော်အချိန့်တွင် လွိုင်ကော်-လောပိတ လမ်းမကြီးဘေးရှိ မြို့ပေါ်အခြေစိုက်သည့် စစ်ကောင်စီ၏ တပ်ရင်းတစ်ခုအား အမည်မဖော်ပြထားသည့် လက်နက်ကိုင်များမှ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှု  ဖြစ်ပွားခဲ့ကာ အဆိုပါ လက်နက်ကိုင်အဖွဲ့မှ ပြန်လည် ဆုပ်ခွာချိန်တွင် စစ်ကောင်စီ၏ လွိုင်ကော်မြို့ အခြေစိုက် တပ်ရင်းများမှ မြို့အနှံ့သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းသိရသည်။ 

ဇွန်လ (၉)ရက်နေ့ ညပိုင်း လွိုင်ကော်မြို့ အခြေစိုက် တပ်ရင်းအချို့ကို တိုက်ခိုက်ခြင်း နှင့် ပတ်သက်၍ မည်သည့်အဖွဲ့က တိုက်ခိုက်ခဲ့သည်ကို တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးဘဲ လွိုင်ကော်မြို့ ဧက(၅၀၀) ရပ်ကွက်နှင့် ရေနီကန်ကျေးရွာ အနီးမှ စစ်ကောင်စီ စစ်တပ်တစ်ခုအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင်အဖွဲ့မှ အောင်မြင်စွာ ပြန်လည်ဆုပ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: CJ