ခေါင်လန်ဖူးနှင့် မချမ်းဘော့မြို့နယ်ရှိ စစ်ကောင်စီစခန်းနှစ်ခုကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်

ခေါင်လန်ဖူးနှင့် မချမ်းဘော့မြို့နယ်ရှိ စစ်ကောင်စီစခန်းနှစ်ခုကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်
ဇန်နဝါရီ 8, 2024 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ခေါင်လန်ဖူးနှင့် မချမ်းဘော့မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကို KIA ပူးပေါင်း PDFတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ပူတာအို PDFထံမှ သိရသည်။

ခေါင်လန်ဖူးမြို့နယ်ရှိ အင်ခါဂါးစစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး မချမ်းဘော့မြို့နယ်ရှိ ခရန်ထီဒမ်းတပ်စခန်းကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရန်ထီဒမ်းတပ်စခန်းကို တိုက်ခိုက်စဉ် နံနက်ပိုင်းမှ ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း (၃)ရက်အကြာတွင် အပြီးသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်ခါဂါးစစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်စဉ် ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်များသည် ခရန်ထီဒမ်းတပ်စခန်း၌ ပူးပေါင်းနေခြင်းဖြစ်သည်ဟုလည်း သိရသည်။

တိုက်ခိုက်မှုကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ PDF PutaO(K-PDF)နှင့် Kagabu People Force(KPF)တပ်ဖွဲ့တို့က ပူးပေါင်း၍ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency