နွားထိုးကြီးမြို့ရှိ NUG ကာကွယ်ရေးအတွင်းဝန်၏  နေအိမ် မီးရှို့ခံရ 

NUG ကာကွယ်ရေးအတွင်းဝန် ဦးနိုင်ထူးအောင်
NUG ကာကွယ်ရေးအတွင်းဝန် ဦးနိုင်ထူးအောင်
နွားထိုးကြီးမြို့ရှိ NUG ကာကွယ်ရေးအတွင်းဝန်၏  နေအိမ် မီးရှို့ခံရ 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ NUG ကာကွယ်ရေးအတွင်းဝန် ဦးနိုင်ထူးအောင်၏ နေအိမ်ကို ယမန်နေ့ ည (၁၂)နာရီဝန်းကျင်အချိန်က မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းသည်။

မီးရှို့ဖျက်ဆီးခံရမှုကြောင့် အိမ်အနောက်ဖက်ရှိ ပန်းထိမ်ဖို မီးလောင်ပျက်စီးခဲ့ပြီး နေအိမ်တစ်လုံးလည်း ပျက်စီးသွားကြောင်း ဒေသခံများထံသိရသည်။

ယခင်ကလည်း ဦးနိုင်ထူးအောင်၏ နေအိမ်အနီး ညဘက်တွင် ဗုံးလာချခံရတာ၊ ဓာတ်ဆီဖျန်းခံရတာတွေ ရှိတာကြောင့် မိသားစုလိုက် တိမ်းရှောင်နေကြရကြောင်း သိရသည်။

" မီးရှို့မယ် မီးရှို့မယ်နဲ့ သတင်းထွက်နေတာကြာပြီ၊ အိမ်နီးနားချင်း တချို့ဆို ခုရက်ပိုင်း စခတွေက မီးရှို့မယ်ကြားလို့ ရှောင်နေကြတာ"ဟု နွားထိုးကြီးသတင်းစုံက ရေးသားထားသည်။

ဦးနိုင်ထူးအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲနှင့်၂၀၂၀ ရွေးကောက်ပွဲတို့တွင် အနိုင်ရရှိခဲ့ပြီး  စစ်တပ်၏ အာဏာသိမ်းမှုနောက်ပိုင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) အဖွဲဝင်အဖြစ် ပါဝင်ခဲ့ကာ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်အဖြစ် တာဝန်ယူထားသူဖြစ်သည်။