မိုင်းယောင်းမြို့နယ်  လယ်သမားချင်း စိုက်ပျိုးနည်းပညာ လက်ဆင့်ကမ်း ဖြန့်ဝေသည့် နည်းစနစ်ကို စိတ်ဝင်စားမှုများလာ

မိုင်းယောင်းမြို့နယ်  လယ်သမားချင်း စိုက်ပျိုးနည်းပညာ လက်ဆင့်ကမ်း ဖြန့်ဝေသည့် နည်းစနစ်ကို စိတ်ဝင်စားမှုများလာ
ဇန်နဝါရီ 26, 2021 | စီးပွားရေး| ရှမ်းရှေ့
By အားချာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနက သင်တန်းပေးထားသည့် လယ်သမား (၁၀)ဦးမှ တစ်ဆင့် အခြား လယ်သမားများထံ နည်းပညာ ပြန်လည် ဖြန့်ဝေသည့်စနစ်ကို စတင်ရာ ဒေသတွင်း စိတ်ဝင်စားမှုမြင့်လာသည်ဟု သိရသည်။ 



Farmer to Farmer အစီအစဉ်က စိုက်ပျိုးရေးကနေ စိုက်ပျိုးနည်းပညာသင်တန်းပေးလိုက်တဲ့ တောင်သူကနေ တခြားတောင်သူတွေကို ဆင့်ပွားပြောပြပေးတဲ့စနစ်ပါ။ သူတို့တွေ စိုက်ပျိုးရင်း လိုအပ်တဲ့ နည်းပညာပံ့ပိုးတာကို ဌာနကလုပ်ပေးပါတယ်။ ဥပမာ သူတို့စိုက်ခင်း ပိုးကျတယ်ဆိုရင် ဘာလုပ်ရမယ်၊ အပင်တွေမှာ ဆေးသုံးတာတွေကအစ စနစ်တကျဖြစ်အောင် နည်းပညာပံ့ပိုးပေးတာဖြစ်ပါတယ်။ အခု ဌာနကပေးတဲ့ နည်းစနစ်အတိုင်း စိုက်တဲ့ စိုက်ခင်းတွေကိုဆိုရင် မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနဲ့ ဝန်ထမ်းတွေက တောင်သူတွေကို အနီးကပ် ကွင်းဆင်းပေါင်းစပ်ဆောင်ရွက်ပေးပါတယ်

ဟု မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့က ပြောသည်။



စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား စိုက်နည်းစနစ်များ၊ စိုက်ပျိုးထုတ်လုပ်သည့် အသီးအနှံများကို အစားအစာဘေးကင်းလုံခြုံရေးစနစ်ဖြင့် စိုက်ပျိုးနည်းစနစ်များကို ဖြန့်ဝေပေးထားကြောင်း သိရသည်။



အရင်နှစ်တွေက သခွားကို သမာရိုးကျပဲ စိုက်ပျိုးကြတာ များတယ်။ အခုနှစ်ကတော့ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနဲ့ ချိတ်ဆက်ပြီးတော့ Farmer To Farmer အစီအစဉ်နဲ့ စိုက်တာ။ အရွက်နုတုန်းကတော့ ပိုးကျတယ် အခုတော့ စိုက်ပျိုးရေးဦးစီးဌာနရဲ့ နည်းပညာ အကူအညီနဲ့ သွင်းအားစုသုံးစွဲနည်းတွေကြောင့် အဆင်ပြေသွားပြီ။ သက်တမ်းအနေနဲ့ နှစ်လကျော်ရှိပြီဆိုတော့ စတင်ခူးဆွတ်ရောင်းချနေရပါပြီ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလဆိုတော့ အိမ်ရှေ့မှာပဲ ခင်းပြီးရောင်းချကြပါတယ်။

ဟု ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာမှ တစ်ပိုင်တစ်နိုင် သခွားစိုက်တောင်သူ ဦးမိုးဇော်ခမ်းက ပြောသည်။



မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာမှ တောင်သူ (၁၀)ဦးခန့်သည်  လယ်ယာလုပ်ငန်း ရိတ်သိမ်းပြီးချိန်၌ Famer to Famer အစီအစဉ်ဖြင့် ခရမ်းချဉ်၊ သခွား၊ ကြက်သွန်နှင့် အခြားသော ဟင်းသီးဟင်းရွက်များကို စမ်းသပ်စိုက်ပျိုးရာ အထွက်နှုန်းပိုကောင်းလာ၍ စိတ်ဝင်စားသည့် တောင်သူများ တိုးလာသော်လည်း ထွက်ကုန်များ တင်ပို့ရောင်းချနိုင်မည့် ဈေးကွက်ရှာဖွေရန် လိုအပ်နေသေးသည်ဟု သိရသည်။

Tachileik News Agency

သတင်း - အားချာ