ကျိုင်းတုံအကျဉ်းထောင်မှ (၆၂)ဦး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရသော်လည်း နိုင်ငံရေးအကျဉ်းသား ပါဝင်မှု နည်းပါး

ကျိုင်းတုံအကျဉ်းထောင်မှ (၆၂)ဦး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရသော်လည်း နိုင်ငံရေးအကျဉ်းသား ပါဝင်မှု နည်းပါး
သြဂုတ် 1, 2023 | 2021 Military Coup| ရှမ်းရှေ့

 အာဏာသိမ်းစစ်ကောင်စီက ဓမ္မစကြာအခါတော်နေ့အဖြစ်  နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ(၇,၇၄၉)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းဖြင့် ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ(၁)ရက်နေ့တွင် လွတ်ပေးရာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသားမျိုးစုံ  (၆၂)ဦး ပါဝင်ကြောင်း သိရသည်။

ကျိုင်းတုံအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူများမှာ နိုင်ငံခြားသား အကျဉ်းသူ(၁)ဦး နှင့် အကျဉ်းသား (၁၀)ဦး စုစုပေါင်း (၁၁)ဦး အပါအဝင် မြန်မာနိုင်ငံသား အကျဉ်းသား (၅၀)ဦး နှင့် အကျဉ်းသူ (၁)ဦး တို့ ပါဝင်ကြောင်း သိရသည်။

ကျိုင်းတုံအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူ (၆၂)ဦးထဲတွင် အာဏာသိမ်းကာလအတွင်း  နိုင်ငံရေးကြောင့် ဖမ်းဆီးခံရသူများအနက်  တာချီလိတ်မြို့ ရွှေတာချီခရီးသွားလုပ်ငန်း၏ အလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ဦးကျော်မြင့်၊ တာချီလိတ်မြို့မှ ကိုဇင်ကိုအောင်နှင့် ကိုစိုင်းလင်းကျော် အပါအဝင် မိုင်းဖြတ်မြို့မှ  ကိုနေဝင်းလတ်တို့ (၄)ဦး ပါဝင်ကြောင်း  သိရသည်။

ယနေ့ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများအနက် တာချီလိတ်မြို့မှ ဦးကျော်မြင့်မှာ ရွှေတာချီခရီးသွားလုပ်ငန်း၏ အလုပ်အမှုဆောင် အဖွဲ့ဝင်အချို့၏ သတင်းပေး တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟုလည်း ရွှေတာချီလိတ်ခရီးသွားလုပ်ငန်းအသင်းဝင်များထံက သိရသည်။

နိုင်ငံ့အာဏာသိမ်းကာလအတွင်း၌ နိုင်ငံရေးကြောင့် ဖမ်းဆီးခံရသူများမှာ တာချီလိတ်မြို့က အများဆုံးဖြစ်ပြီး ဒုတိယမှာ ကျိုင်းတုံမြို့က ဖြစ်ကာ တော်တော်များများမှာ ပုဒ်မ ၅၀၅-က အပြင် အကြမ်းဖက် ဥပဒေများဖြင့် အရေးယူခံရသူများဖြစ်ကြသည်။

ယခုလို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူများမှာ လွတ်ရက်စေ့ခါနီး အကျဉ်းသားများစွာ ပါဝင်ကြောင်း သိရသည်။