တာချီလိတ်မြို့တွင် နေအိမ်ပြင်ပ ထွက်ခွင့် ကတ်မပါသူများကို ထိုင်းဘတ်ငွေ (၁၀)ဘတ် ကောက်ခံ

တာချီလိတ်မြို့တွင် နေအိမ်ပြင်ပ ထွက်ခွင့် ကတ်မပါသူများကို ထိုင်းဘတ်ငွေ (၁၀)ဘတ် ကောက်ခံ
သြဂုတ် 30, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် မြို့တွင်းသွားလာသူများ နေအိမ်ပြင်ပထွက်ခွင့် လက်မှတ် မပါ ပါက ကိုဗစ်စစ်တာတွင် အသုံးပြုရန်အတွက်ဟုဆိုတာ ထိုင်းဘတ်ငွေ (၁၀)ဘတ် ကောက်ခံခြင်းဖြင့် ဒဏ်ရိုက်ကြောင်း သိရသည်။

အကောက်ခွန်ရုံးရှေ့မှာ စစ်တာ။ မော်တော်ပီကယ်က ကတ်ပါလားမေးတယ်။ ကတ်မပါဘူးလို့ပြောတော့ အဲ့မှာရပ်ဆိုပြီး တန်းစီခိုင်းတယ်။ လူနာမည် အဖေနာမည် မေးပြီး (၁၀)ဘတ်ကောက်တယ်။ သူတို့ပြောတာကတော့ ဒီပိုက်ဆံက ကိုဗစ်စစ်တာမှာ သွားပြန်လှူရမှာလို့ ပြောတယ်။ ပိုက်ဆံလည်း (၁၀)ဘတ် ပေးခဲ့ရတယ်။ သူတို့ ဘာစာရွက်မှ ပြန်မပေးဘူး။ ပိုက်ဆံ (၁၀)ဘတ်လေးနဲ့ ပြောတာမဟုတ်ပါဘူး။ အလှူငွေ ထည့်ဆိုရင် (၅၀)(၁၀၀)လည်း ထည့်မှာပဲ အခုက တန်းစီပြီး (၁၀)ဘတ်တောင်းတယ်၊ ဘာကတ်မှလည်း ပြန်မပေးတော့ ဘယ်လိုလည်းမသိဘူး။

ဟု အကောက်ခွန်ရုံးရှေ့ရှိ စစ်ဆေးရေးဂိတ်တွင် ငွေပေးခဲ့ရသူ ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် နေအိမ်ပြင်ပထွက်ခွင့်ကတ်များကို တစ်အိမ်လျှင် (၁)ကတ်မှ (၂)ကတ်နှုန်းအထိ အမြဲသုံးအနေဖြင့် ထုတ်ပေးခြင်းမဟုတ်ဘဲ တစ်ခါသုံးအနေဖြင့်သာ ထုတ်ပေးခြင်းဖြစ်၍ အရေးပေါ်အခြားနေရာများသို့ သွားရမည့်အခါတွင် ယခုလို အဆင်မပြေမှုများရှိကြောင်း သိရသည်။

ဒဏ်ငွေအဖြစ် ကျပ်(၅၀၀)သတ်မှတ်ထားကြောင်းပြောသော်လည်း တာချီလိတ်မြို့တွင် အဓိကအားဖြင့် ထိုင်းဘတ်ငွေကိုသာ အသုံးပြုသည့်အတွက် အလွယ်တကူ ဒဏ်ငွေဆောင်ခဲ့စေရန် ထိုင်းဘတ်ငွေ (၁၀)ဘတ် ကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။

နေအိမ်ထွက်ခွင့် ကတ်မပါသူများ ဒဏ်ငွေဆောင်ရမည်ဟု ဒေသခံပြည်သူများအား ကြိုတင်အသိပေးခြင်းမရှိဘဲ ယခုလို လုပ်ဆောင်နေခြင်းဖြစ်ပြီး ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများမှာ Covid-19 နှင့် ပတ်သက်၍ ကန့်သတ်ချက်များ ကြေညာချက်များကို ဒေသခံပြည်သူများ သိရှိနိုင်ရန် ကြိုတင်အသိပေးခြင်းများ နည်းပါးကြောင်း သိရသည်။