နိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် တာချီလိတ်မြို့တွင် ငွေတောင်ဦးဆရာတော်၏ ဦးဆောင်မှုဖြင့် (၅)ရက်အတွင်း ကျပ်သိန်း (၈၀)ကျော် ရရှိထား

နိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် တာချီလိတ်မြို့တွင် ငွေတောင်ဦးဆရာတော်၏ ဦးဆောင်မှုဖြင့် (၅)ရက်အတွင်း ကျပ်သိန်း (၈၀)ကျော် ရရှိထား
ဇန်နဝါရီ 25, 2021 | ရှမ်းရှေ့

မြန်မာနိုင်ငံအတွက် Covid-19 ကာကွယ်ဆေးများကို နိုင်ငံတော်က ဦးဆောင်ကာ ဝယ်ယူမည်ဖြစ်ရာ တာချီလိတ်မြို့တွင်လည်း ကာကွယ်ဆေးအတွက် ငွေတောင်ဦးဆရာတော်ကြီးမှ ဦးဆောင်ကာ နိုင်ငံတော်၏ ဘဏ်အကောင့်ထဲသို့ စုပေါင်းလှူဒါန်းရန်အတွက် အလှူငွေများ လက်ခံပေးနေရာတွင် ဇန်နဝါရီလ(၂၅)ရက်နေ့အထိ  ကျပ်သိန်းပေါင်း (၈၀)ကျော်ရရှိထားပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ ဦးစီးပဓာန နာယကဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ၊ ကမ္မဋ္ဌာနာစရိယ၊ မဟာကမ္မဋ္ဌာနာ စရိယ၊  အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ Ph.D ( Vipassana Bhavana MCU ) (Thailand) ဒေါက်တာ ဘဒ္ဒန္တဝိရောစန ထံမှတဆင့်  လာရောက်လှူဒါန်းမှုများရှိနေသည့် အတွက် ဆရာတော်က ကျပ်သိန်း(၅၀) မတည်လိုက်ခြင်း ဖြစ်ပြီး တတ်နိုင်သလောက် လှူဒါန်းနိုင်ရန် အတွက် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်တွင် ဇန်နဝါရီလ(၂၁)ရက်နေ့က စ၍ လက်ခံပေးနေရာ ဇန်နဝါရီလ(၂၅)နေ့အထိ မတည်ငွေ အပါအဝင် စုစုပေါင်း ကျပ်ငွေ (၈၂)သိန်းကျော် နှင့် ထိုင်းဘတ်ငွေ (၂၀,၁၀၀)ဘတ် အပြင် အမေရိကန်ဒေါ်လာ (၅၀)တို့ လက်ခံရရှိထားကြောင်း သိရသည်။



"အနည်းဆုံး ဘတ်(၁၀၀)ကနေ စပြီး တတ်နိုင်သလောက် လာလှူကြပါတယ်။ တာချီလိတ်က လူတွေအပြင် အင်္ဂလန်နိုင်ငံက (၅)ဦးလောက်လည်း လှမ်းလှူကြတယ်။ ဒီနေ့ဆိုရင် ကျပ်(၁၅)သိန်းကျော် ရရှိပါတယ်"ဟု ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်၏ ကျောင်းအကျိုးတော်ဆောင် တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ခံရရှိသော အလှူငွေများကို ဆရာတော်ကြီးက နိုင်ငံတော်မှ ကိုဗစ် ကာကွယ်ဆေးအတွက် မည်သူမဆို လှူဒါန်းနိုင်ရန် ဖွင့်လှစ်ထားသည့် ဘဏ်အကောင့်သို့ လွှဲပြောင်းလှူဒါန်းပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံအတွက် Covid-19 ကာကွယ်ဆေးများကို အစိုးရက ဝယ်ယူနိုင်ရန် တာချီလိတ်မြို့မှ မည်သူမဆို ပါဝင်လှူဒါန်းလိုပါက ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်သို့ နေ့စဉ် နံနက်(၇)နာရီမှ ည(၇)နာရီအတွင်း လာရောက်၍ ဖြစ်စေ ကျောင်းတိုက်၏ ဖုန်း ၀၈၄ ၅၁၈၁၅ နှင့် ၀၉၄ ၅၀၂၃၂၂၃၃ သို့ လည်း ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

Tachileik News Agency

ဓါတ်ပုံ - ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်

Ko Zaung is the editor-in-chief of Tachileik News Agency.