မကွေးတိုင်း ရွှေစက်တောဘေးမဲ့တော အတွင်းမှ သားငှက်တိရစ္ဆာန်များအတွက် တိုင်းအစိုးရ ရန်ပုံငွေ ကျပ်သိန်း (၁၆၀) ဝန်းကျင်သုံးပြီး ရေကန် ပြုပြင်မည်

ရွှေစက်တော်ဘေးမဲ့တောအတွင်းမှ ရွှေသမင်များ
ရွှေစက်တော်ဘေးမဲ့တောအတွင်းမှ ရွှေသမင်များ
မကွေးတိုင်း ရွှေစက်တောဘေးမဲ့တော အတွင်းမှ သားငှက်တိရစ္ဆာန်များအတွက် တိုင်းအစိုးရ ရန်ပုံငွေ ကျပ်သိန်း (၁၆၀) ဝန်းကျင်သုံးပြီး ရေကန် ပြုပြင်မည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘေးမဲ့တောအတွင်းရှိ သားငှက်တိရစ္ဆာန်များ အတွက် သစ်တောဦးစီးဌာနက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ရန်ပုံငွေ ကျပ်သိန်း (၁၆၀) ဝန်းကျင်ဖြင့် ကန်တော်ကြီးရေကန်အား ပြုပြင်မည်ဖြစ်ကြောင်း  သိရသည်။

ဘေးမဲ့တောအတွင်းမှ ရေကန်

ကန်တော်ကြီးရေကန် ရေရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေကျပ် သိန်း(၁၆၀)ခန့်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဝီစိတွင်းတူးဖော်ဖို့အတွက် ကုန်ကျငွေ (၃၃) သိန်း၊   လျှပ်စစ်ဓါတ်အားထုတ်ဖို့ ဆိုလာပြားတွေ တပ်ဆင်နိုင်ရေးအတွက်က (၁၂၅) သိန်း ကုန်ကျမယ်ခန့်မှန်းပါတယ်

ဟု မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးမောင်က ပြောသည်။

အဆိုပါ ရေကန်မှာ မိုးရာသီကာလအတွင်း မိုးနည်း၍ ရေဝင်ရောက်မှု နည်းပါးခဲ့သဖြင့် လာမည့် နွေရာသီကာလတွင် တိရစ္ဆာန်များ သောက်သုံးရေအတွက် အခက်အခဲကြုံတွေ့ရနိူင်သဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြ၍ ရန်ပုံငွေတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းဘူးခရိုင်အတွင်း မင်းဘူး၊ ပွင့်ဖြူ၊ ငဖဲနှင့် စေတုတ္ထရာမြို့နယ်တို့တွင် တည်ရှိသည့် ရွှေစက်တော်ဘေးမဲ့တောမှာ ဧရိယာ အကျယ်အဝန်းမှာ (၁၁၄၆၇၈ ဒဿမ ၇၁) ဧက ကျယ်ဝန်းပြီး နို့တိုက်သတ္တဝါ (၁၄)မျိုး၊ ငှက်မျိုး (၁၄၆)မျိုး၊ ကုန်း/ရေနေ သတ္တဝါ (၄၃)မျိုး၊ လိပ်ပြာမျိုး (၃၉)မျိုး၊ ရေချိုငါးမျိုးစိတ် (၂၂)မျိုး၊ သစ်မျိုး (၈၉)မျိုး၊ သစ်ခွမျိုး (၃)မျိုး၊ ဆေးဘက်ဝင်အပင် (၂၆)မျိုး ရှိကြောင်း ကောက်ယူထားသည့် စစ်တမ်းများအရ သိရသည်။

ကန်တော်ကြီးရေကန်မှာ တစ်ဖက်ပိတ်တမံအမျိုးအစားဖြစ်ပြီး ရေငွေ့ပြန်ခြင်းနှင့် မြေအောက်သို့ စိမ့်ဝင်မှုကြောင့် တစ်နှစ်လျှင် ရေထု (၆) ပေခန့်လျော့နည်းကျဆင်းလာနေ၍ လတ်တလော ကန်တော်ကြီးချောင်းဘောင်အား (၂) ပေခန့်မြှင့်တင်သွားမည်ဖြစ်ပြီး ရေငွေ့ပျံဆုံးရှုံးမှုနည်းပါးစေရန် အစိမ်းရောင်အမိုးများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

သတင်း-ဖီးနစ်

ဓာတ်ပုံ-သစ်တောဦးစီးဌာန

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...