စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီး ပျက်ကျ

စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီး ပျက်ကျ
ဖေဖော်ဝါရီ 29, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ယနေ့  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၉)ရက်နေ့ ၏ နေ့လည်ပိုင်းက စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီးပျက်ကျကာ လယ်ကွင်းအတွင်း မီးလောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ 



စစ်ကောင်စီတပ်၏ လေယာဉ်သည် စလင်းမြို့နယ်၊ ကြူဝန်ကြီးကျေးရွာအနီး လယ်ကွင်းအတွင်းသို့ ပျက်ကျသွားခြင်းဖြစ်ပြီး လေယာဉ်မှူး နှစ်ဦး လေထီးဖြင့်ခုန်ချကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

"လယ်တွေထဲ ပျက်ကျသွားတာ။ လေယာဉ်မှူးကတော့ မသေဘူး။" ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

လေယာဉ်မှူးမှာ လေထီးဖြင့် ခုန်ချလွတ်မြောက်သွားပြီး လက်ရှိတွင် စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရသည်။

"ကြူဝန်ကြီးရွာအနီး  ပျက်ကျသွားတာ။ လေယာဉ်မှူးနှစ်ယောက် ကတော့ လေထီးနဲ့ ခုန်ချကျထွက်ပြေး လွတ်မြောက်သွားလို့ စစ်ကောင်စီတပ်က လာခေါ်ထုတ်သွားတယ်။ လေယာဉ် အပိုင်းအစ Black Boxကို ယူသွားကြတယ်။ အခုတော့ စစ်ကောင်စီတပ်က လုံခြုံရေး ယူထားတယ်ဗျ။ (၂၅၃)နဲ့ (၂၅၄)တပ်အလည်မှာ ပျက်ကျတာကိုး။ လေယာဉ်ကတော့ နှစ်ပိုင်းပြတ်သွားတယ်။ အခုတော့ သူ တို့ ရှင်းလင်းရေးလုပ်နေတယ်။ ရွာဝင်တဲ့ လမ်းတလျောက်ကိုလည်း လုံခြုံရေးယူထားတယ်ဗျ။ ဒေသခံတွေက စိုးရိမ်နေကြတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်လေယာဉ်မှာ မကွေးလေတပ်မှ ‌လေကျင့်ရေး တရုတ်ထုတ်လေယာဉ်ဖြစ်ပြီး မည်သည့်အမျိုးအစားဖြစ်ကြောင်း မသိရသေးဟု သိရသည်။