တာချီလိတ်မြို့မှ နောက်ဆုံး Covid-19 အတည်ပြုလူနာ ဆေးရုံဆင်း

တာချီလိတ်မြို့မှ နောက်ဆုံး Covid-19 အတည်ပြုလူနာ ဆေးရုံဆင်း
ဇန်နဝါရီ 23, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၏ နောက်ဆုံး Covid-19 အတည်ပြု လူနာဖြစ်သည့် လမ်းလုပ်သားသည် ကုသဆောင်တွင် နေထိုင်ခြင်း (၁၁)ရက်ပြည့်သွား၍ ဆေးရုံမှ ဆင်းခွင့်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဇန်နဝါရီလ(၁၂)ရက်နေ့က Covid-19 ပိုးတွေ့ကြောင်း အဖြေထွက်သည့် အသက်(၃၀)နှစ်အရွယ် လမ်းလုပ်သားဖြစ်သည့် အမျိုးသားတစ်ဦးအား တာချီလိတ်မြို့ ဆေးရုံဟောင်းတွင်းရှိ Covid-19 ကုသဆောင်တွင် (၁၁)ရက်အကြာ စောင့်ကြည့် ကုသထားရာမှ ယနေ့ ဇန်နဝါရီလ(၂၃)ရက်နေ့တွင် ကုသဆောင်မှ ဆင်းခွင့်ရရှိခြင်း ဖြစ်သည်။

ကုသဆောင်မှ ဆင်းခွင့်ရရှိသွားပြီဖြစ်သော်လည်း နေအိမ်တွင် (၇)ရက် ဆက်လက်၍ သီးခြားနေထိုင်ရဦးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားရှိသည်။



အဆိုပါ လမ်းလုပ်သားသည် မိုင်းဆတ် - တာချီလိတ်လမ်းပိုင်းတွင် လုပ်ငန်းဝင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ရောက်ရှိလာခြင်းဖြစ်ပြီး လမ်းသားအဖွဲ့အား တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု နာသာလိကျေးရွာတွင် အသွားအလာကန့်သတ်ကာ  အဖြေချက်ခြင်း သိရနိုင်သည့် RDT ဖြင့် Covid-19 ပိုးစစ်ဆေးရာ ပိုးမတွေ့ရသော်လည်း ဒုတိယအကြိမ်အဖြစ် နှာခေါင်းနှင့်အာခေါင်တို့ဖတ်များကို ရယူပြီး ဓါတ်ခွဲဌာနတို့ ပို့ဆောင် စစ်ဆေးရာမှ အားလုံးထဲတွင် တစ်ဦးအား Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် ဒုတိယလှိုင်းအနေဖြင့် ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့မှ ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၀၈)ဦးအထိရှိခဲ့ပြီး ပထမလှိုင်းမှ ပိုးတွေ့ရှိသူ (၂)ဦး အပါအဝင်ဆိုလျှင် စုစုပေါင်း (၁၁၀)ဦးအထိရှိခဲ့ခြင်း ဖြစ်သည်။



တာချီလိတ်မြို့တွင် စစ်ဆေးတွေ့ရှိခဲ့ရသည့် အတည်ပြုလူနာ (၁၁၀)ဦးစလုံးမှာ စိုးရိမ်ရသည့် အခြေအနေများ မဖြစ်ပေါ်ခဲ့ဘဲ စောင့်ကြည့်ကုသ သတ်မှတ်ရက်များ ပြည့်သွား၍ နေအိမ်ပြန်ခွင့်ရသွားခဲ့ကြခြင်း ဖြစ်သည်။





Tachileik News Agency

သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း

ကျော်ဇင်ဟိန်းသည် Tachileik News Agency ၏ ဓာတ်ပုံသတင်းထောက် ဖြစ်သည်။