တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်းမှ ယာယီဈေးကို မူလနေရာများသို့ ပြန်လည်ပြောင်းရွှေ့ခိုင်းထားပြီး ညဈေးကို အထဲ ပြန်သွင်းရန် အစီအစဉ်ရှိ

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်းမှ ယာယီဈေးကို မူလနေရာများသို့ ပြန်လည်ပြောင်းရွှေ့ခိုင်းထားပြီး ညဈေးကို အထဲ ပြန်သွင်းရန် အစီအစဉ်ရှိ
ဧပြီ 6, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 အခြေအနေကြောင့် ရှမ်းရိုးမကွင်းအတွင်း ရွှေ့ပြောင်းကာ ဖွင့်လှစ် ရောင်းချနေရသည့် ဟင်းသီးဟင်းရွက်၊ အသား/ငါး ပျံကျဈေးကို ဧပြီလ(၉)ရက်နေ့က စ၍ မူလဈေးနေရာများသို့ ပြောင်းရွှေ့ရောင်းချရမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဧပြီလ(၅)ရက်နေ့က အသိပေး ကြေညာထားသည်။

တာချီလိတ်မြို့တွင် Covid-19 ရောဂါ ကူးစက်မှု များပြားခဲ့ပြီးနောက်  ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဟင်းသီးဟင်းရွက်၊ အသား/ငါးများကို ရှမ်းရိုးမကွင်းအတွင်း ၂၀၂၀ခုနှစ် ဧပြီလ(၁၉)ရက်နေ့က စ၍ ပြောင်းရွှေ့ ရောင်းချခဲ့ရပြီးနောက် ယခုအခါမှာ ၂၀၂၁ခုနှစ် ဧပြီလ(၈)ရက်နေ့ နေ့လည်(၂)နာရီ နောက်ဆုံးထားကာ ဆိုင်ခန်းများ ဖျက်သိမ်းပြီး မူလနေရာများသို့ အသီးသီးပြောင်းရွှေ့ ရောင်းချရန် အသိပေးထားခြင်း ဖြစ်သည်။

ရှမ်းရိုးမကွင်းအတွင်းမှ ယာယီဈေးကို မူလနေရာများသို့ ပြောင်းရွှေ့ပြီးနောက် ရှမ်းရိုးမကွင်းရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင် ရောင်းချနေရသည့် ညဈေးဆိုင်များကိုလည်း ရှမ်းရိုးမကွင်းအတွင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက အစီအစဉ်ရှိနေကြောင်း သိရသည်၊။