မိုင်းယောင်းမြို့တွင် အပြင်ထွက်သွားလာပါက မဖြစ်မနေ Mask တပ်ကြရန် ဆက်လက်အသိပေးနေ

မိုင်းယောင်းမြို့တွင် အပြင်ထွက်သွားလာပါက မဖြစ်မနေ Mask တပ်ကြရန် ဆက်လက်အသိပေးနေ
ဇန်နဝါရီ 23, 2021 | Covid-19| ရှမ်းရှေ့
By အားချာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့တွင် Covid-19 ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်း(Mask)များ မဖြစ်မစေ တပ်ဆင်ရေး Mask Campaign အဖြစ် အထူးဆောင်ရွက်နေကြောင်း သိရသည်။

“အပြင်ထွက်ပြီး သွားလာတဲ့အခါတိုင်း Mask ကို မဖြစ်မနေ တပ်ဆင်ရန်၊ Covid-19 ရောဂါကို မိမိကစ၍ ကာကွယ်တားဆီးနိုင်ဖို့ လူစုလူဝေးသို့ သွားလာမှုမှ ရှောင်ကြရန်၊ အပြင်ကိုမလိုအပ်ဘဲ မထွက်ပါနှင့် တစ်ခုခုကို ထိတွေ့ကိုင်တွယ်ပြီးပါက လက်ဆေးရန်” စသည့် အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်းကို မတပ်ဘဲ သွားလာနေသူများကို နှာခေါင်းစည်းတပ်ပြီး သွားလာမှုရှိစေရန် Mask တစ်ခုကို နှစ်ရာကျပ်နှုန်းနဲ့ ချက်ချင်းဝယ်ယူပြီး တပ်၍သွားလာစေခဲ့ကြောင်း Mask တပ်ဆင်ရေးဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Covid-19 ရောဂါကို မိမိကစ၍ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အပြင်ထွက်ပြီးသွားလာပါက နှာခေါင်းစည်း(Mask)ကို မဖြစ်မနေတပ်ဆင်၍ သွားလာမှုရှိစေရန် Mask တပ်ဆင်ရေးဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့သည် Mask Campaign လှုပ်ရှားမှုကို ဇန်နဝါရီလ(၂၂)ရက်နေ့က  မိုင်းယောင်းမြို့ရှိ တြိဂံလမ်းဆုံနေရာ၌ ပြုလုပ်ခဲ့ကြသည်။

    Mask Campaign လှုပ်ရှားမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ Mask တပ်ဆင်ရေးဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့တို့က ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုင်းယောင်းမြို့တွင် တာချီလိတ်မြို့က ပြန်လာသည့် အမျိုးသမီးများအား  စစ်ဆေးရာမှ Covid-19 ပိုး စတင်တွေ့ရှိခဲ့ပြီးနောက်  ဒေသတွင်းကူးစက်မှုအဖြစ် သတ်မှတ်ကာ ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးမှုများကို ဆက်လက်ဆောင်ရွက်နေပြီး ဒေသတွင်းမှ မည်သူမဆို မိမိကိုယ်ကိုယ် Covid-19 ကူးစက်ခံရကြောင်း သံသယရှိလျှင် လာရောက် စစ်ဆေးနိုင်ရန်အတွက် မိုင်းယောင်းမြို့၊ အမှတ်(၉)ရပ်ကွက်တွင် Fever Clinic ကို ဒီဇင်ဘာလ(၁၉)ရက်နေ့ကစ၍ ဖွင့်လှစ်ပေးထားကြောင်း သိရှိရသည်။

Tachileik News Agency

သတင်း/ဓါတ်ပုံ - အားချာ