Covid-19 ကာလအတွင်း တာချီလိတ်မှ ဌာနဆိုင်ရာ နှင့် လူမှုရေးအသင်းအဖွဲ့များကို စားနပ်ရိက္ခာထောက်ပံ့ရန် စီစဉ်နေ

Covid-19 ကာလအတွင်း တာချီလိတ်မှ ဌာနဆိုင်ရာ နှင့် လူမှုရေးအသင်းအဖွဲ့များကို စားနပ်ရိက္ခာထောက်ပံ့ရန် စီစဉ်နေ
သြဂုတ် 5, 2020
By Tachileik News Agency
Covid-19 ကာလအတွင်း တာချီလိတ်မှ ဌာနဆိုင်ရာ နှင့် လူမှုရေးအသင်းအဖွဲ့များကို  စားနပ်ရိက္ခာထောက်ပံ့ရန် စီစဉ်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် လူမှုရေးအသင်းအဖွဲ့ဝင်များကို မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် အလှူရှင်များပူးပေါင်းပါဝင်သည့် စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့က အခြေခံစားသောက်ကုန်များကို ၂၀၂၀ ခုနှစ် သြဂုတ်လအတွင်း ထောက်ပံ့ပေးသွားမည်ဟု သိရသည်။

ဒီ တတိယအကြိမ်ပေးလို့ရှိရင် မြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ကျွန်တော်တို့နဲ့ အလုပ်အတူတူတွဲလုပ်နေတဲ့ Volunteer တွေ၊ ပရဟိတအသင်းအဖွဲ့တွေ ဒီအဖွဲ့တွေကိုပေးဖို့ လျာထားပါတယ်။ လက်ရှိ (၃,၀၀၀) ကျော်လောက် ကျွန်တော်တို့ဆီမှာ ရှိပါသေးတယ်။ ဝန်ထမ်းတွေဆိုရင်လည်း အရာထမ်းတွေမပါဘူး။ လစာနည်းတဲ့အမှုထမ်းတွေကိုပဲ ပေးဖို့အတွက် စာရင်းကောက်ယူဆောင်ရွက်နေပါတယ်။ မကြာခင်မှာ ပေးနိုင်အောင်ဆောင်ရွက်နေပါတယ်

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID 19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်က စားနပ်ရိက္ခာထောက်ပံ့သည့်အစီအစဉ်ကို တာချီလိတ်မြို့နယ်အတွက် နိုင်ငံတော်၏ကိုယ်စား တာချီလိတ်မြို့မှ မြိမိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် အလှူရှင်များပူးပေါင်းပါဝင်သည့် စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့က တာဝန်ယူထောက်ပံ့ပေးနေခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်က ပံ့ပိုးမည့်အစီအစဉ်အတိုင်း အဆိုပါအဖွဲ့က ကူညီထောက်ပံ့မှု (၂)ကြိမ်အတွင်း အိမ်ထောင်စု (၆,၀၀၀)ကျော်သို့ ပံ့ပိုးပေးထားပြီးဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ်ထောက်ပံ့မှုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအပြင် ဘာသာရေးကျောင်းများနှင့် ပရဟိတကျောင်းများသို့ပါ စားနပ်ရိက္ခာပေးပို့ထားခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကမ္ဘောဘဏ်က မတည်အလှူငွေဖြင့် စားနပ်ရိက္ခာပံ့ပိုးနေသည့် ရှမ်းပြည်နယ် စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီကလည်း စားနပ်ရိက္ခာ တစ်ကြိမ်ပံ့ပိုးပေးသည်ကို တွေ့ရသည်။

Tachileik News Agency
သတင်း -  ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~