မြန်မာနိုင်ငံအတွက် COVID 19 ကာကွယ်ဆေးအလုံးရေ (၁) သန်းခွဲ ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ(၂၂)ရက်နေ့ ရောက်မည်

မြန်မာနိုင်ငံအတွက် COVID 19 ကာကွယ်ဆေးအလုံးရေ (၁) သန်းခွဲ ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ(၂၂)ရက်နေ့ ရောက်မည်
ဇန်နဝါရီ 21, 2021 | Covid-19
By Tachileik News Agency

COVID 19 ကာကွယ်ဆေးအလုံးရေ (၁) သန်းခွဲ ပထမဆုံးအကြိမ်အဖြစ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာတော့မည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းကို လာမည့်တစ်ပတ်အတွင်း ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း သိရသည်။



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ (၂၁) ရက်နေ့တွင် ပြောကြားသည့်  ပြည်သူသို့ အစီရင်ခံစာမိန့်ခွန်း၌ ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။



သတင်းကောင်းပေးရမယ်ဆိုရင် မနက်ဖြန် ၂၂ ရက်နေ့မှာ ကျွန်မတို့ ပထမဦးဆုံး ကိုဗစ်ရောဂါကာကွယ်ဆေးတွေ မြန်မာနိုင်ငံကို ရောက်ရှိလာပါမယ်။ တစ်သန်းခွဲဆိုတော့ ကျွန်မတို့ပြည်သူတွေ ခုနှစ်သိန်းခွဲအတွက် လုံလောက်ပါတယ်။ လူတစ်ယောက်တစ်ယောက်ဆိုရင် နှစ်ကြိမ်ထိုးရပါမယ်။ ပထမအကြိမ်ထိုးပြီးတော့ ၂၈ ရက်ကြာရင် နောက်တစ်ကြိမ် ထပ်ထိုးရပါမယ်။ အဲဒီတော့ ကျွန်မတို့ဒီလုပ်ငန်းတွေကိုလည်း သေသေချာချာ ထိထိရောက်ရောက်လုပ်နိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စီစဉ်ထားပါတယ်

ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ပြောကြားထားခြင်းဖြစ်သည်။



ပထမအကြိမ်ရောက်လာမည့် ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများ၊အဓိကကျသည့် အစိုးရအဖွဲ့ဝင်များ၊ အဓိကကျသည့် အစိုးရဝန်ထမ်းများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကို ဦးစားပေး ထိုးနှံပေးမည်ဖြစ်ပြီး COVID 19 ကာကွယ်ရေးအတွက် ပါဝင်လုပ်ဆောင်နေသည့်  စေတနာ့ဝန်ထမ်းများကိုပါ ထိုးနှံပေးမည်ဟု သိရသည်။



ကျွန်မတို့အစိုးရအဖွဲ့ထဲက အဓိကကျတဲ့အစိတ်အပိုင်းတွေကို ကာကွယ်ဆေးထိုးပေးမှာပါ။ အဲဒီလိုပြောတာ ကျွန်မနည်းနည်းတော့ အားနာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီထဲမှာ ကျွန်မလည်းပါနေတာကိုး။ ပါနေတယ်ဆိုတော့ ဒီဟာကိုလည်း ပြည်သူတွေအနေနဲ့ နားလည်မှုပေးနိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့ ယန္တရားကြီး လည်ပတ်နိုင်ဖို့အတွက်ဆိုရင် ကျွန်မတို့ ဗဟိုအစိုးရနဲ့ တိုင်းနဲ့ပြည်နယ်အစိုးရတွေက ထိထိရောက်ရောက် လှုပ်ရှားနိုင်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ သိပ်လည်းမများပါဘူး။ ဒါလည်း ကျွန်မ ထည့်ပြောပါရစေ

ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။



ကာကွယ်ဆေးများ ဆက်လက်ရောက်ရှိလာရန်ရှိပြီး ကာကွယ်ဆေးထိုးခြင်းအား ဆေးရရှိမှုပေါ်မူတည်၍ ဦးစားပေးအဆင့်ဆင့်ဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

ဓါတ်ပုံ - MRTV