ဟိုပုံးမြို့ရှိ အထက(၁)မှ (၈)တန်း ကျောင်းသားတွင် Covid-19 ပိုးတွေ့ကြောင်း သတင်းထွက်ပေါ်ပြီး စာသင်ခန်းကို ဆေးဖျန်းကား ဆက်လက်ဖွင့်ထား။ ပညာရေး၏ သတင်းထိန်ချန်မှုကြောင့် ဒေသခံများ ရှုတ်ချ

ဟိုပုံးမြို့ရှိ အထက(၁)မှ (၈)တန်း ကျောင်းသားတွင် Covid-19 ပိုးတွေ့ကြောင်း သတင်းထွက်ပေါ်ပြီး စာသင်ခန်းကို ဆေးဖျန်းကား ဆက်လက်ဖွင့်ထား။ ပညာရေး၏ သတင်းထိန်ချန်မှုကြောင့် ဒေသခံများ ရှုတ်ချ
ဇူလိုင် 6, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ Grade 9 အခန်းတွင် ကျောင်းသားတစ်ဦး COVID-19 ပိုးတွေ့ရှိသည့်အတွက် ဆေးများလာဖျန်းထားပြီး ကျောင်းကို ဆက်လက်ဖွင့်ထားကြောင်း သိရသည်။

၄.၇.၂၀၂၁ ရက်နေ့က ဆေးဖျန်းစဉ်

ကလေးက တကန(တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံတပ်)ထဲကပဲ Covid-19 ကူးစက်ခံရတာ၊ အဲ့ဒါကို ကျောင်းဖွင့်နေတယ်။ အဲ့ဒီအခန်း တစ်ခန်းတည်းကိုပဲ ဆေးဖျန်းတာ။ သိသိချင်းလာဖျန်းကြတာ။ တနင်္ဂနွေနေ့ကပေါ့။ တစ်ကျောင်းလုံးကို ဖျန်းတာမဟုတ်ဘူး။ Covid-19 ပိုးရှိတဲ့ ကလေးတက်ခဲ့တဲ့ အခန်းကိုပဲ ဖျန်းတာ။ အဲ့အခန်းကိုလည်း ဆက်မပိတ်ဘူး။ ကလေးတွေလည်း ကျောင်းတက်နေကြတယ်။

ဟု ဟိုပုံး ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၆)ရက်နေ့တွင် ပြောသည်။



ပိုးတွေ့ရသည်ဟု သတင်းထွက်ပေါ်နေသူမှာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ Grade 9 (A)အခန်းက ကျောင်းသားတစ်ဦးဖြစ်သော်လည်း ကျောင်းသားမှာ စစ်တပ်ထဲက ဖြစ်၍ ပိုးတွေ့သည့် သတင်းကို ပညာရေးက ထိန်ချန်ထားခြင်းဖြစ်၍ ရှုတ်ချကြောင်း  ဒေသခံများက ဆိုသည်။

အဲ့ကလေး ကိုဗစ်ဖြစ်နေတာကို ကျောင်းက ဆရာ၊ဆရာမတွေက သတင်းထိန်ချန်ပြီးနေ နေကြတယ်။ ကလေးမိဘတွေက မေးတယ်။ ကျောင်းမှာ ကိုဗစ် တစ်ယောက်တွေ့ထားတော့ ကျောင်းပိတ်မှာလားပေါ့။ အဲ့တော့ တခြားမြို့တွေရော ပိတ်တယ်ကြားလို့လား  မပိတ်ဘူး။ ကလေးတွေ ပညာရေး အရေးကြီးတယ် ဆိုပြီးပြန်ပြောတယ်တဲ့ဗျ။ အဲ့လိုလုပ်တော့ ကျန်တဲ့ကလေးတွေကို ကူးစက်ရအောင် လုပ်နေတဲ့အတွက် အဲ့ဆရာ၊ဆရာမတွေအနေနဲ့ အဲ့လို မလုပ်သင့်ဘူး။ ကျွန်တော်တို့တွေ ရှုတ်ချပါတယ်။

ဟု ဒေသခံ တစ်ဦးက ပြောသည်။



ကျောင်းတက်နေသည့် Non CDM ဆရာ၊ဆရာမများသည် ကျောင်းသားများကို ကျူရှင်သင်နိုင်ရေးအတွက် အချင်းချင်းလုပ်ပန်းနေသည်ဟုလည်း ဒေသခံများက ပြောနေကြသည်။

ဟိုပုံးမြို့ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံတပ်(တကန)တွင် Covid-19 ကူးစက်ခံရသည့် တပ်သား (၅၀)ကျော် ရှိနေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း စစ်တပ်က ဖြစ်နေ၍ ဒေသအုပ်ချုပ်ရေးအာဏာပိုင်များက ဖုံးကွယ်ထားပြီး ဒေသခံများကို အသိပေးခြင်းမရှိ၍ စိုးရိမ်မှုများဖြစ်နေရကြောင်း သိရသည်။