ကိုဗစ်ကြောင့်ပိတ်ထားသည့် မိုင်းယု-ကျိန်းယဲန်းတံတားကို နယ်စပ်ကုန်သွယ်ရေးအတွက်ပြန်ဖွင့်

ကိုဗစ်ကြောင့်ပိတ်ထားသည့် မိုင်းယု-ကျိန်းယဲန်းတံတားကို နယ်စပ်ကုန်သွယ်ရေးအတွက်ပြန်ဖွင့်
ဇန်နဝါရီ 21, 2021 | ရှမ်းရှေ့
By ကိုကိုနိုင်

ရှမ်းပြည်နယ် (အ‌ရှေ့ပိုင်း)  တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ရှိ နယ်စပ်ကုန်သွယ်ရေးတံတားဖြစ်သည့် မိုင်းယု - ကျိန်းယဲန်းတံတားကို Covid-19 ရောဂါဆိုင်ရာ အခြေအနေများကြောင့် အထူးဒေသ(၄)အဖွဲ့က ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့ ကတည်းက ပိတ်ထားခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့ နံနက် (၆)နာရီမှစ၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

မိုင်းယုမြို့ နှင့် တံတားမြင်ကွင်း

အဆိုပါ တံတားပိတ်ရခြင်းမှာ NDAA မိုင်းလားအဖွဲ့မှ အထူးဒေသ (၄) တွင် Covid-19 ရောဂါပိုးကူးစက်မှု အခြေအနေများကြောင့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့ ညနေ (၆) နာရီကစတင်၍ မိုင်းယု-ကျိန်းယဲန်းတံတားကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။

မိုင်းယု - ကျိန်းယဲန်း တံတား မြင်ကွင်း

ယခုအခါ NDAA မိုင်းလားအဖွဲ့မှ အထူးဒေသ(၄)တွင် Covid-19 ရောဂါပိုးကူးစက်သူ မရှိတော့သဖြင့် မိုင်းလား၊ အထူးဒေသ(၄)၊ နမ့်ပန်းဒေသ ရဲမှူးက မိုင်းယုမြို့ရှိ သက်ဆိုင်ရာတာဝန်ရှိသူများထံ ဖုန်းဖြင့်ဆက်သွယ်ကာ နယ်စပ်ဒေသ မိုင်းယု-ကျိန်းယဲန်းတံတားကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၂၀) ရက်နေ့၊ နံနက် (၆) နာရီမှစတင်၍ ကုန်စည်စီးဆင်းမှုများ ပြန်လည်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ဆက်သွယ်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။။

Tachileik News Agency

သတင်း/ဓါတ်ပုံ - ကိုကိုနိုင်