တာချီလိတ်မြို့တွင် တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၄၅)ဦးအထိ တွေ့ရှိ၍ စုစုပေါင်း (၅၃၆)ဦးအထိ ရှိနေ

တာချီလိတ်မြို့တွင် တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၄၅)ဦးအထိ တွေ့ရှိ၍ စုစုပေါင်း (၅၃၆)ဦးအထိ ရှိနေ
ဇူလိုင် 17, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့၏ ဇူလိုင်လ(၁၇)ရက်နေ့ နံနက်ပိုင်းမှ ည(၇)နာရီအထိ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၄၅)ဦးအထိ တွေ့ရသည့်အတွက် စုစုပေါင်း (၅၃၆)ဦး အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ(၁၇)ရက်နေ့တွင် စုစုပေါင်း တွေ့ရှိရသည့် (၄၅)ဦးမှာ အမျိုးသား(၂၅)ဦး နှင့် အမျိုးသမီး (၂၀)ဦးတို့ ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 ပိုးတွေ့လူနာများထဲက အမျိုးသမီးများကို သီးသန့်အနေဖြင့် မိုးလုံလေလုံအားကစားရုံတွင် ထားရှိပြီး တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့၀င်များက စောင့်ကြည့်ပေးထားကြောင်း သိရသည်။

အမျိုးသားများကိုတော့  တာချီလိတ် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ(၃၄၈)တွင် ဖွင့်လှစ်ထားသည့် Quarantine Centre တွင် သီးသန့်ထားရှိပြီး မြို့နယ်အရန်မီးသတ်တပ်ဖွဲ့က စောင့်ကြည့်ပေးထားကြောင်း သိရသည်။

ဒေသအာဏာပိုင်များမှ ကြပ်မတ်သည့် စောင့်ကြည့်ကုသရေးအဆောင်များအပြင် လောင်းကစားနှင့် KTV များ လှစ်ဖွင့်ထားသည့် ဟိုတယ်များမှ တွေ့ရသည့် ပိုးတွေ့လူနာများ အပါအဝင် ထိတွေ့သူများကိုလည်း 1G1 Hotel, ရွှေဘူးသီးဟိုတယ်၊ တြိဂံဟိုတယ်၊ ဟုန်ပန်းကွင်း၊ DAT KTV & Club တို့တွင် ထားရှိကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ(၁၇)ရက်နေ့တွင် အတည်ပြုလူနာများထပ်တိုးလာသည့်အတွက် လူဦးရေ (၁,၀၀၀)အထိ ထားရှိနိုင်မည့် Covid-19 လူနာ စောင့်ကြည့်ကုသဆောင်သို့ ညပိုင်းတွင် အလင်းရောင်ရဟိတအသင်းနှင့်လူမှုရေးအသင်းအဖွဲ့များ၏ယာဉ်များဖြင့် လူနာများကို စတင်ပို့ဆောင်ထားကြောင်းလည်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့ကစတင်လာရာ ယနေ့ ဇူလိုင်လ(၁၇)ရက်နေ့ ည(၈)နာရီအချိန်အထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၅၃၆)ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း သိရသည်။