တာချီလိတ်မြို့ မယ်ဟုတ်ချောင်းအတွင်း အသက်(၁၇)အရွယ် လူငယ်တစ်ဦး ရေထဲမျောပါ

တာချီလိတ်မြို့ မယ်ဟုတ်ချောင်းအတွင်း အသက်(၁၇)အရွယ် လူငယ်တစ်ဦး ရေထဲမျောပါ
ဇူလိုင် 20, 2020
By Tachileik News Agency
တာချီလိတ်မြို့ မယ်ဟုတ်ချောင်းအတွင်း အသက်(၁၇)အရွယ် လူငယ်တစ်ဦး ရေထဲမျောပါ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မယ်ဟုတ်ချောင်းတွင် ရေဆော့ကစားသည့် လူငယ်အဖွဲ့ထဲက အသက် (၁၇)နှစ်အရွယ် အမျိုးသားလူငယ် (၁)ဦး ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့ ညနေပိုင်းက ရေနစ်သွားပြီး ရေစီးသန်နေ၍ ဆယ်ယူမရနိုင်ဖြစ်နေကြောင်း သိရသည်။

ရေတက်နေတော့ ရေစီးကလည်း သန်နေတယ်။ နောက် သူတို့ဖုန်းဆက်တော့ နာရီဝက်လောက်ကြာနေပြီလို့ ပြောတယ်။ အသင်းကလူတွေ အဲဒီကို ရောက်သွားချိန်လောက်ဆို ခန့်မှန်းခြေ သူနစ်သွားတဲ့နေရာကနေ အောက် (၂)မိုင်ပတ်လည်လောက် ရောက်သွားပြီ ခန့်မှန်းရတယ်။ ကလေးတွေက (၁၀)ယောက်ကျော်လောက်ရှိတယ်။ မိန်းကလေးတွေရော၊ ယောကျ်ားလေးတွေရော။ မယ်ဟုတ်ချောင်းကို အတွင်းဘက်ဝင်ရတယ်။ တောထဲမှာ ရေသွားဆော့ကြတယ်။ ဝါးဖောင်စီးလာကြတာလို့ ပြောတယ်။ ဝါးဖောင်ပေါ်က ခုန်ချလိုက်တာကနေ ပြန်ပေါ်မလာတော့တာ။ သူနစ်သွားပြီး နှစ်ခေါက်တော့ ပြန်ပေါ်လာတယ်ပြောတယ်။ ရွာထဲက လူတစ်ချို့မြင်လိုက်ပေမဲ့ ရေစီးသန်နေတာနဲ့ သူတို့လည်း မဆင်းရဲကြဘူး။ အဲဒီနောက် ပေါ်မလာတော့ဘူး ပြောတယ်။ ခုချိန်က ချောင်းထဲ ရေစီးသန်နေတဲ့အချိန် ကလေးတွေ ရေသွားဆော့တာ အန္တရာယ်များလွန်းတယ်

ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်နာရေးကူညီမှုအသင်းသို့ ညနေ (၃)နာရီဝန်းကျင်က လူငယ်တစ်စု ဖုန်းဆက်လာပြီး မယ်ဟုတ်ချောင်းတွင် သူငယ်ချင်းတစ်ဦး ရေနစ်သွား၍ လာရောက်ကူညီပေးရန် အကူအညီတောင်းခံလာခြင်းဖြစ်ကြောင်း သိရသည်။

ရေနစ်သွားသူမှာ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်မှ အသက် (၁၇)နှစ်အရွယ် မောင်ထက်ပိုင်ဆိုသည့် လူငယ်တစ်ဦးဖြစ်ပြီး  ရေနစ်သည့်ဖြစ်စဉ်ကို တာချီလိတ်မြို့မရဲစခန်းသို့ အကြောင်းကြားထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~